အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ရာကျော် ဆန္ဒပြ

ရန်ကုန်၊ အင်းစိန်ထောင်မှာရှိတဲ့ နိုင်ငံရေးအကျဥ်းသား ၁၄၉ ဦးဟာ စစ်အာဏာသိမ်း တစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၄ ရက် ဒီကနေ့ထိ ထောင်ကကျွေးတဲ့ ထမင်းဟင်းတွေကို မစားဘဲ အနုနည်းနဲ့ ဆန့်ကျင်ဆန္ဒပြနေကြတယ်လို့ ထောင်နဲ့ နီးစပ်သူ တွေက ပြောပါတယ်။

စစ်အာဏာရှင်တွေရဲ့ မတရားမှုကို ဆန်ကျင်တဲ့အနေနဲ့ ထောင်ကပေးတဲ့ ထမင်း၊ ဟင်းကို မယူဘဲ အသက်ဆက်နိုင်ဖို့အတွက် ကိုယ်ပိုင်ရိက္ခာခြောက် အနည်းငယ်ကိုသာ နေ့စဉ် စားသုံးပြီး သပိတ်မှောက်ဆန္ဒပြနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

"ထောင်ကကျွေးတဲ့ ထမင်း၊ ဟင်း မစားတော့ဘူး။ အိမ်ကပေးပို့တဲ့ ထမင်း၊ ဟင်း အဲဒါပဲ သူတို့စားတာ။ ဒါကလည်း သူတို့က ထောင်ထဲမှာ အမှုလိုက်ရတဲ့အခါမှာ ထောင်ထဲက ရုန်းထွက်လာတဲ့သူတွေ ပြောစကားပေါ့နော်။ အရင်တုန်းက စားတယ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့မှာ Silence strike နဲ့ ရောပြီးတော့ ဘယ်နှစ်ရက် လုပ်မယ်ဆိုတာက မသိဘူး ပေါ့၊ သိထားတဲ့ သတင်းအရကတော့ ၁၄၉ ယောက်လောက် လုပ်နေတယ်ကြားတယ်။ အထိမ်းအမှတ် တစ်ခုအနေနဲ့ လုပ်တာဖြစ်မယ်။ ရက်ကန့်သတ်ပြီးတော့ တစ်ပတ်ဆို လည်း တစ်ပတ်၊ နစက အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး လုပ်တယ်ထင်တယ်"

ဒီလှုပ်ရှားမှုကို အင်းစိန်ထောင် သပြေဆောင် အမှတ်(၂) မှာ လုပ်ဆောင်နေတာဖြစ်ပြီး ဆန္ဒပြသူတွေဘက်က ဒီကနေ့ထိ တစ်စုံတစ်ရာ တောင်းဆိုတာမျိုး မလုပ်သေးသလို ထောင်အာဏာပိုင်တွေဘက်ကလည်း ပြန်ညှိနှိုင်းတာမျိုး မရှိသေးဘူးလို့ သူက ဆိုပါတယ်။

ဒါဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် သုံးကြိမ်မြောက် ထောင်တွင်းဆန္ဒပြမှုဖြစ်ပြီး အရင်အကြိမ်တွေတုန်းကတော့ နိုင်ငံရေးအကျဥ်းသားတွေကို ပြင်းပြင်းထန်ထန် ရိုက်နှက်တာ၊ ဆေးကုသခွင့်မရဘဲ တိုက်ပိတ် အပြစ်ပေးတာတွေ လုပ်ခဲ့တယ်လို့ ထောင်နဲ့ နီးစပ်သူတွေနဲ့ နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တွေက ပြောပါတယ်။

လောလောဆယ် အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေ ဆန္ဒပြနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရွှေ ကို RFA က မေးမြန်းရာမှာ လက်ရှိ ထောင်ထဲမှာ ဆန္ဒပြနေတာမျိုး လုံးဝ မရှိဘူးလို့ ငြင်းဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်ရှိ နိုင်ငံတကာ ကြက်ခြေနီအသင်း ICRC ကို ဒီကနေ့ မနက်ပိုင်းမှာ RFA က အီးမေးလ်ကတစ်ဆင့် စာရေး မေးမြန်းတဲ့အခါ အခုကိစ္စဟာ အလွန်အရေးကြီးတာကြောင့် လူတွေရဲ့ အသက်အန္တရာယ်ကို မထိခိုက်စေဖို့အတွက် သေချာစဥ်းစားဖို့ လိုတယ်၊ အချိန်ယူရမယ်၊ ရှေ့တစ်ပတ် မတိုင်ခင်အထိ ပြန်မဖြေနိုင် သေးဘူးလို့သာ အကြောင်းပြန်လာပါတယ်။

insein-prison-topview.jpg
ရန်ကုန်မြို့က အင်းစိန်ထောင်ကို မြင်ရစဉ်

စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးလှုပ်ရှားမှုကြောင့် အင်းစိန်ထောင်ထဲမှာ ခုနစ်လ ကြာ အကျဥ်းချခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးကတော့ ထောင်တွင်းဆန္ဒပြပွဲ ဆိုတာ အသက်ကိုရင်းပြီး လုပ်ရတာလို့ RFA ကို ပြောပါတယ်။

"ထောင်တွင်းတိုက်ပွဲဆိုတာကတော့ စပြီးတော့ လုပ်မယ်ဆိုကတည်းက ကျနော်တို့မှာ ရင်းစရာ အသက်ပဲရှိတာကိုး၊ ဘာလက်နက်မှရှိတာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က အခုသပိတ်မှောက်တယ်၊ အခု ထောင်တွင်းတိုက်ပွဲ လုပ်တယ်၊ ဘာမှမရဘဲ နဲ့ ဖြိုခွင်းလိုက်ပြီဆိုတာနဲ့ သပိတ်လှန်လိုက်လို့ မရဘူးပေါ့။ အဲဒီတော့ နောက်ဆုံး ကျနော်တို့အထဲမှာ ပြောနေကျစကားဆိုရင် တစ်ခုခုတိုက်မယ်ဆိုရင် ကျနော်တို့မှာ ရင်းစရာ အသက်ပဲ ရှိတယ်။ အဲဒီအတွက် ပိုင်းဖြတ်မှု ကြီးကြီးမားမားထားပြီးမှ တိုက်ရတဲ့ဟာမျိုးပေါ့"

သူဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က ၅၀၅(က)နဲ့ ဖမ်းဆီးခံခဲ့ရပြိး၊ အောက်တိုဘာလ ၁၉ ရက် နေ့မှာ ပြန်လွတ်လာတာ ဖြစ်ပါတယ်။

ထောင်တွင်းဆန္ဒပြတာဟာ အန္တရာယ်ကြီးမှန်းသိပေမယ့် ဖိနှိပ်သတ်ဖြတ်တဲ့ စစ်ကောင်စီကို ဆန့်ကျင်လိုတဲ့ စိတ်ကြောင့်သာ ဆက်လုပ်နေကြတာလို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။

"ငါတို့ ခြင်းထဲက ကြက်တွေပါ။ အချိန်မရွေး ဆွဲထုတ်ပြီး ရိုက်သတ်လိုက်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးတွေ၊ သူတို့ အမြဲတမ်းလိုလို ပြောဖူးတယ်။ အဲဒီအတွက်ကြောင့်မို့ သူတို့ လုံးဝကို အုပ်ချုပ်လို့မရဘူး။ အပြင်မှာလည်း အုပ်ချုပ်လို့ မရသလို ထောင်ထဲမှာလည်း ဘယ်လောက်ကြီးပဲ ဖိနှိပ်ဖိနှိပ် ဘယ်လောက်ပဲ ရက်စက်ရက်စက် ဘယ်လောက်ပဲ အဆိုးဝါးဆုံးနဲ့ အပြင်းထန်ဆုံး လူအခွင့်အရေးကို ချိုးဖောက်ချိုးဖောက် ငါတို့ကို အုပ်ချုပ်လို့ မရဘူး၊ ငါတို့ကို ဦးချိုး လို့မရဘူး အဲလိုမျိုး စိတ်ပိုင်းဖြတ်မှုတွေနဲ့ ဆက်လက်ပြီး တိုက်ပွဲဝင်နေတယ်လို့ မြင်ပါတယ်"

၂၀၀၄ ခုနှစ်ကတည်းက ဖျက်သိမ်းခဲ့တဲ့ ထောင်တွင်း စစ်ကြောရေးစခန်းတွေဟာ အခု စစ်ကောင်စီ လက်ထက်မှာ ပြန်လည်ဖွင့်လာတာကြောင့် ဆန္ဒပြနိုင်ငံရေး အကျဉ်းသားတွေ အတွက် စိုးရိမ်ပူပန်မိတယ်လို့ သူက ဆိုပါတယ်။

"အကြီးမားဆုံးဘောင်ထဲကနေ အသက်အန္တရာယ်ကို စိုးရိမ်လောက်တဲ့အထိ တော်လှန်နေတာပေါ့"

စစ်အာဏာသိမ်း တစ်နှစ်ပြည့်တဲ့နေ့မှာ ထောင်ပြင်ပမှာရှိတဲ့ ပြည်သူလူထုက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသံတိတ်သပိတ်၊ အသံထွက်သပိတ်တွေ လုပ်ဆောင်ချိန်မှာ ထောင်တွင်း မှာ ရှိနေသူတွေကလည်း အသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ စစ်အာဏာရှင်ကို ရတဲ့နည်းနဲ့ ဆန့်ကျင်နေတဲ့အပေါ် လူငယ်တော်လှန်ရေးသမား တစ်ယောက်ဖြစ်တဲ့ ကျားဖြူ PDF တပ်ခွဲ ၂ ခေါင်းဆောင် ကိုဇေယျာလွင် က ချီးကျူးစကား ပြောထားပါတယ်။

"ဒီကနေ့ အ​ခြေအနေမှာ ထောင်ထဲရောက်သွားပေမယ့်လည်း သူတို့ရဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်နေမှုတွေ သူတို့အပေါ်မှာ အုပ်ချုပ်ခွင့် မပေးနိုင်မှုတွေဟာ သူတို့ ရတဲ့နည်းနဲ့ ဆန့်ကျင်တော်လှန်နေကြောင်းကိုပြရာ ရောက်ပါတယ်။ အကြီးမားဆုံးဘောင်ထဲကနေ အသက်အန္တရာယ်ကို စိုးရိမ်လောက်တဲ့အထိ တော်လှန်နေတာပေါ့။ ထောင်ထဲကနေ၊ အဲဒီတော်လှန်နေမှုဟာ ထောင်အာဏာပိုင်တွေကိုလည်း စိန်ခေါ်ရာရောက်သလို စစ်အာဏာရှင်ကိုလည်း ပြောင်ပြောင်တင်းတင်း စိန်ခေါ်ရာရောက်တယ်လို့ ကျနော်က မြင်တယ်။ ငါတို့ဟာ ထောင်ထဲရောက်နေပေမယ့်၊ လှုပ်ရှားမှုတွေကို သတ်လိုက်နိုင်ပြီလို့ ထင်နေပေမယ့် ငါတို့က စိတ်ဓာတ်လည်း မသေဘူး၊ ငါတို့လှုပ်ရှားမှုကလည်း မသေဘူး၊ ရတဲ့နည်းနဲ့ ရသလို တော်လှန်နေဦးမှာပဲဆိုတာ ပြသရာရောက်ပါတယ်"

အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ သွေးသစ္စာသီချင်း ကို သံပြိုင်သီဆိုပြီး ဆန္ဒပြခဲ့တဲ့အတွက် ထောင်အာဏာပိုင်တွေရဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက် ဖြိုခွင်းတာကို ခံခဲ့ရပါတယ်။

ဒီဇင်ဘာလ ၁၀ ရက် ကမ္ဘာ့လူ့အခွင့်အရေးနေ့တုန်းကလည်း တစ်နိုင်ငံလုံး အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်ဆင်နွှဲရာမှာ အင်းစိန်ထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေ လည်း တစ်ချိန်တည်း တစ်ပြိုင်တည်း ပါဝင်ခဲ့ကြပါတယ်။

ဒုတိယအကြိမ်မှာလည်း ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်ဖြိုခွင်းမှုကြောင့် သပိတ် ခေါင်းဆောင် တချို့ သတိလစ်မေ့မျောတဲ့အထိ ဒဏ်ရာရခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသား အယောက် ၂၀ ခန့် တိုက်ပိတ်ခံခဲ့ရပါတယ်။