လူ့အခွင့်အရေးနေ့ လှုပ်ရှားခဲ့တဲ့ ရန်ကုန်မြို့က လူငယ်နှစ်ဦး ဖမ်းဆီးခံထားရ
RFA Burmese
2024.12.16
2024.12.16

Updated 7:20 PM, Dec 16, 2024
ဒီဇင်ဘာ ၁၀ ရက်နေ့က ကျရောက်တဲ့ (၇၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ လူ့အခွင့်အရေး တောင်းဆိုပြီး စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားခဲ့တဲ့ ရန်ကုန်မြို့က လူငယ်နှစ်ဦး အဖမ်းခံထားရတယ်လို့ မျိုးဆက်သစ် လူငယ်သပိတ်ကော်မတီ (NGYSC) က သတင်းထုတ်ပြန်ပါတယ်။
အဖမ်းခံရတဲ့သူတွေက ရွှေပြည်သာမြို့နယ် သပိတ်အဖွဲ့က အသက် ၂၅ နှစ်အရွယ် ကိုရန်နောင်ကြည်ဝင်းနဲ့ အသက် ၂၁ နှစ်အရွယ် ကိုသက်ထူးဇော်တို့ ဖြစ်ပါတယ်။
သူတို့ဟာ ရွှေပြည်သာမြို့နယ်က တည်းခိုရိပ်သာတစ်ခုမှာ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ အဲဒီနောက် ရွှေပြည်သာ စစ်ကြောရေးမှာ စစ်ဆေးပြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
သူတို့နှစ်ဦးက မြန်မာပြည်မှာပျောက်နေတဲ့ လူ့အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုလှုပ်ရှားခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျိုးဆက်သစ် လူငယ်သပိတ်ကော်မတီ (NGYSC) တာဝန်ခံတစ်ဦးက ပြောပါတယ်။
“မြန်မာပြည်မှာ အာဏာသိမ်းပြီးကတည်းက စိတ်သုဥ်းနေတဲ့ လူ့အခွင့်အရေးအတွက် ရဲဝံ့စွာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ လူသားတစ်ယောက်ရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်အရ ရဲဘော်နှစ်ယောက်မှာ ဘာအမှားအယွင်း ဘာပြစ်မှုမှ မရှိပါဘူး။ အကြမ်းဖက်စစ်တပ်ရဲ့ ဒီလိုမတရားဖိနှိပ်မှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့လည်း မမှိတ်မသုန် ဆက်လက်တိုက်ပွဲဝင်သွားဖို့နဲ့ ဒါမှသာလျှင် အဖမ်းဆီးခံ ကျွန်တော်တို့ရဲဘော်တွေ အမြန်ဆုံး ပြန်လည်လွတ်မြောက်ပြီး ကျွန်တော်တို့လိုချင်တဲ့ လွတ်လပ်မျှတတဲ့ နိုင်ငံတစ်ခု အမြန်ဆုံးရမှာပါ”
ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့ဟာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို ဆန့်ကျင်တဲ့အနေနဲ့ “လူ့အခွင့်အရေး ထွန်းကားစေ၊ တရားမျှတ လွတ်လပ်မြေ”ဆိုတဲ့ စာတန်းကိုင်ပြီး ဆန္ဒပြခဲ့ကြတာပါ။
အဲဒီအပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်နဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်ရဲ့အလံကို မီးရှို့သရုပ်ဖော်ပြီး လူစည်ကားတဲ့ ဘတ်စ်ကား မှတ်တိုင်တွေနဲ့ နေရာတချို့မှာ လှုံ့ဆော်စာတွေ ကပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
လက်ရှိ ရွှေပြည်သာ မြို့နယ်ရဲစခန်းမှာ အချုပ်ခံထားရတဲ့ ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့ကို တင်းကျပ်တဲ့ အစောင့်တွေအောက်မှာ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ရတယ်လို့ ဆိုပါတယ်။