မြဝတီမြို့မှာ နေ့လယ်ကစပြီး အင်တာနက်နဲ့ ဆက်သွယ်ရေးလိုင်းအားလုံး ပြတ်တောက်

RFA Burmese
2024.04.06
မြဝတီမြို့မှာ နေ့လယ်ကစပြီး အင်တာနက်နဲ့ ဆက်သွယ်ရေးလိုင်းအားလုံး ပြတ်တောက် မိုဘိုင်းဖုန်း အသုံးပြုနေသူတစ်ဦးအား တွေ့ရစဥ်။
Photo: RFA

တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဧပြီလ ၆ ရက်နေ့ ဒီနေ့ နေ့လယ် ၁၁ နာရီကျော်ကစပြီး ဆက်သွယ်ရေးဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားတယ်လို့ မြဝတီတစ်ဖက်ကမ်း၊ ထိုင်းနိုင်ငံ မဲဆောက်မှာရှိတဲ့ဒေသခံတွေက RFA ကိုပြောပါတယ်။

သင်္ဃန်းညီနောင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ကောင်စီဘက်က ဆက်သွယ်ရေးလိုင်းတွေ ဖြတ်လိုက်တာဖြစ်နိုင်တယ်လို့ မဲဆောက်မြို့မှာနေထိုင်တဲ့ မမေမီဦးက RFA ကို ပြောပါတယ်။

“လတ်တလောအခြေအနေက တိုက်ပွဲပြင်းထန်နေတာပေါ့။ ဒါကြောင့်လည်း စစ်ကောင်စီက လိုင်းတွေအကုန် ဖြတ်ပစ်လိုက်တာ။ အဲဒီဘက်ကလူတွေနဲ့ ဒီမနက် ၁၁ နာရီကျော်အထိ ဖုန်းခေါ်ပြောလို့ရသေးတယ်။ အခုတော့ မရတော့ဘူး၊ စစ်ကောင်စီက သတင်းအမှောင်ချတာ ဖြစ်နိုင်တယ်”

ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် မြဝတီမြို့ခံအချို့လည်း တစ်ဖက် ထိုင်းနိုင်ငံ မဲဆောက်ဘက်အခြမ်းကို ထွက်ပြေးဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြဝတီမြို့အတွင်းက အင်အား လေးရာနီးပါးရှိတဲ့ စစ်ကောင်စီရဲ့ ခလရ (၂၇၅) တပ်ရင်းကို (KNLA) နဲ့ ပူးပေါင်းအဖွဲ့တွေ ဒီနေ့မှာပဲ သိမ်းပိုက်လိုက်ပြီလို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားနေကြပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ မရတာကြောင့် တိုက်ပွဲအခြေအနေနဲ့ ဒေသခံတွေ ထွက်ပြေးရမှုကိုလည်း RFA အနေနဲ့ မေးမြန်းခွင့်မရခဲ့ပါဘူး။

ဒီအပေါ် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကိုလည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

တစ်လကျော် ကြာမြင့်လာတဲ့ သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ (၃၅၅)၊ ခမရ (၃၅၆)၊ ခမရ (၃၅၇) နဲ့ သင်္ဃန်းညီနောင် ဗျူဟာကုန်းကို (KNLA) နဲ့ ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။