ပြည်ထောင်စုနေ့မှာ အင်တာနက် ဖြတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်

၂ဝ၂၁ ဖေဖော်ဝါရီလ ၄ ရက်နေ့က မိုဘိုင်းလ်ဖုန်းဖြင့် ဖေ့စ်ဘွတ်ခ်အသုံးပြုနေသူတစ်ဦး။
၂ဝ၂၁ ဖေဖော်ဝါရီလ ၄ ရက်နေ့က မိုဘိုင်းလ်ဖုန်းဖြင့် ဖေ့စ်ဘွတ်ခ်အသုံးပြုနေသူတစ်ဦး။ (Photo: AFP)

ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မှာ မြန်မာနိုင်ငံအတွင်းက မြို့နယ်အများအပြားကို မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုတွေ ဖြတ်တောက်ထားဖို့ စစ်ကောင်စီက ဆက်သွယ်ရေးကုမ္ပဏီတွေကို ညွှန်ကြားထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဖေဖဝါရီလ ၁၂ရက် ပြည်ထောင်စုနေ့မှာ အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ လုပ်ဖို့ နှိုးဆော်စာတွေ ထွက်ပေါ်နေချိန်မှာပဲ အခုလို သတင်းထွက်လာတာပါ။

ဒီသတင်းနဲ့ပတ်သက်ပြီး အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးကတော့ မနက် ၄ နာရီက ၁၁ နာရီအထိ အင်တာနက်ဖြတ်မယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်စာမျက်နှာမှာ ပျံနှံ့လျှက်ရှိတယ်လို့ပြောပါတယ်။

"အင်တာနက်ကပဲ သိတာပေါ့ Facebook က ရှယ်ထားတွေကနေ သိတာပါ။ မနက် ၄ နာရီကနေ ည ၁၁ နာရီအထိ ပြည်ထောင်စုနေ့မှာ အင်တာနက် ဖြတ်မယ်လို့တော့ ကြားတယ်။ ကျွန်တော်တို့ သုံးနေတဲ့ Operator တွေကနေ မက်ဆေ့ပို့တာ တို့တော့ မရှိဘူး။ အင်တာနက်ဖြတ်ပြီ ဆိုကတည်းက အကုန်ဒုက္ခရောက်ပြီပေါ့ဗျာ။ ပြည်သူတွေကတော့ အခံဘက်ကချည်းလေ။ သူတို့နဲ့ ပတ်သက်ပြီးတော့ ပြောစရာစကား မရှိတော့ဘူး။ သူတို့ကို ဖြုတ်မချနိုင်သေးရင်တော့ သူတို့လုပ်သမျှ ကျွန်တော်တို့က ခံနေရမှာ ဘာတစ်ခုမှလည်း အဆင်မပြေဘူးလေ။ စီးပွားရေး၊ လူမှုရေး အကုန်ကျပ်တည်းနေတာပဲ ဘာတစ်ခုမှ အဆင်မပြေဘူး"

MPT ကုမ္ပဏီနဲ့ နီးစပ်သူတစ်ယောက်ကတော့ ဒီသတင်းမှန်ကန်ကြောင်းနဲ့ အိမ်သုံး Wifi အင်တာနက်တွေကိုတော့ ဖွင့်ထားပေးမှာ ဖြစ်တယ်လို့ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆက်သွယ်ရေးကုမ္ပဏီဝန်ထမ်းတစ်ဦးရဲ့ ပြောကြားချက်အရ မနက်ဖြန် မနက် ၄ နာရီကနေ ည ၁၁ နာရီအထိ နိုင်ငံတစ်ဝန်းက မြို့နယ်အများအပြားမှာ အင်တာနက်မိုဘိုင်းဒေတာတွေ ဖြတ်တောက်ထားဖို့ ညွှန်ကြားထားပြီး ကုမ္ပဏီက ဝန်ထမ်းတွေကို အသိပေးထားတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် ဖြစ်နိုင်ရင် မနက်ဖြန် အိမ်မှာပဲနေပြီး အပြင်မထွက်ကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

"အင်တာနက်ဖြတ်ပြီ ဆိုကတည်းက အကုန်ဒုက္ခရောက်ပြီပေါ့ဗျာ။ ပြည်သူတွေကတော့ အခံဘက်ကချည်းလေ"

အော်ရီဒူးနဲ့ MPT သုံးစွဲသူတစ်ယောက်က အင်တာနက်တွေ ဖြတ်တောက်မယ်ဆိုရင် ငွေကြေးအလွှဲအပြောင်းကိစ္စနဲ့ ကျန်းမာရေး အရေးပေါ်ကိစ္စတွေမှာ အဆက်အသွယ်တွေ ခက်ခဲနိုင်တယ်လို့ ပြောပါတယ်။

“ သုံးနေတာတော့ အော်ရီဒူးနဲ့ MPT နှစ်မျိုး သုံးနေတာပေါ့။ ပြီးခဲ့တဲ့ တနင်္လာနေ့ကနေ ဒီနေ့ သောကြာနေ့အထိ စာပို့တာမျိုးတော့ မတွေ့ရဘူး။ အင်တာနက်တွေ တနေကုန် ဖြတ်မယ်ဆိုရင် ရုံးပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေနေ့မှာ ဘဏ်တွေပိတ်တဲ့အတွက် Wave Money တို့ ဘာတို့နဲ့ လွှဲကြမှာလေ။ အဲ့ဒါတွေကလည်း အခက်အခဲ ဖြစ်နိုင်တယ်။ အခုအချိန်မှာ ဖြစ်နေတာကတော့ အိုမီခရွန် မြန်မာပြည်ထဲမှာ တော်တော်များများ ဖြစ်နေတယ်။ အဲ့လိုအနေအထားမျိုးမှာ ကျန်းမာရေးနဲ့ပတ်သက်လို့ အရေးပေါ်ကား ခေါ်တာပဲ ဖြစ်ဖြစ် အကူအညီတောင်းတာပဲဖြစ်ဖြစ် အင်တာနက် ဖြတ်ထားမယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်တွေ အလွယ်တကူ မရနိုင်တဲ့အတွက် အဲ့နေရာတွေမှာလည်း အခက်အခဲရှိနိုင်တယ်”

ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မှာ စစ်ကောင်စီကလည်း နေပြည်တော်မှာ စိန်ရတုသဘင်ပြည်ထောင်စုနေ့အခမ်းအနားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ဖို့ အစီအစဉ်တွေ ရှိပြီး အာဏာသိမ်းတာကို ဆန့်ကျင်သူတွေကလည်း ပြည်ထောင်စုနေ့မှာပဲ လူထုလှုပ်ရှားမှုအဖြစ် ညနေငါးနာရီမှာ လမ်းမတွေပေါ် ထွက်ပြီး လက်သုံးချောင်းထောင်ပြီး ကြွေးကြော်ကြဖို့ ရောက်တဲ့နေရာမှာ ကားတွေ ဆိုင်ကယ်တွေ ပြိုင်တူဟွန်းတီးကြဖို့ လူမှုကွန်ရက်တွေမှာ နှိုးဆော်ထားတာ ဖြစ်ပါတယ်။