စစ်ကောင်စီရဲ့ အင်တာနက်ထိန်းချုပ်မှု မကျေနပ်မှု ပိုများလာနိုင်ဟု အခွင့်အရေးအဖွဲ့ထောက်ပြ

2022.01.24
စစ်ကောင်စီရဲ့ အင်တာနက်ထိန်းချုပ်မှု မကျေနပ်မှု ပိုများလာနိုင်ဟု အခွင့်အရေးအဖွဲ့ထောက်ပြ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလက မိုဘိုင်းလ်ဖုန်းဖြင့် Facebook လူမှုကွန်ရက်အသုံးပြုရန် ကြိုးပမ်းနေသူတစ်ဦးကို တွေ့ရစဉ်။
Photo: AFP

မြန်မာနိုင်ငံမှာ VPN ကွန်ရက်အသုံးပြုပြီး အင်တာနက်သုံးစွဲသူတွေကို ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ အပြစ်ပေးနိုင်မယ့် ဥပဒေအသစ်တစ်ရပ် ပြဌာန်းဖို့ အာဏာသိမ်း စစ်ကောင်စီက ကြိုးပမ်းနေတာကို စိုးရိမ် ပူပန်ကြောင်း နိုင်ငံတကာ အင်တာနက် လွတ်လပ်ခွင့် အဖွဲ့တစ်ခုက ပြောလိုက်တဲ့ အကြောင်း ဗြိတိန်အခြေစိုက် The Register သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့စွဲနဲ့ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးစိုးသိန်းက လက်မှတ်ထိုးထုတ်ပြန်ထားတဲ့ ဥပဒေမူကြမ်းမှာ VPN အင်တာနက် အသုံးပြုသူတွေကို ထောင်ဒဏ် တစ်နှစ်ကနေ သုံးနှစ်အထိ၊ ငွေဒဏ် ကျပ်သိန်း ၅ဝ အထိ ချမှတ်မယ်လို့ ဆိုထားပါတယ်။

အခု အဆိုပြုထားတဲ့ ဥပဒေသစ်ဟာ မြန်မာစစ်တပ်ရဲ့ စံနှုန်းအရ ဆိုရင်တောင် အာဏာရှင်ဆန်လွန်းနေတယ်လို့ ဗြိတိန်အခြေစိုက် ဆိုင်ဘာ လုံခြုံရေးနဲ့ အင်တာနက် လွတ်လပ်ခွင့် စောင့်ကြည့်ရေးအဖွဲ့ NetBlocks က ပြောလိုက်ပါတယ်။

မြန်မာ စစ်တပ်ဟာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလကတည်း ဒီဥပဒေကို အတည်ပြုဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ဝိုင်းကန့်ကွက်လို့ အတည်မပြုနိုင်ခဲ့ကြောင်းနဲ့ အခုတစ်ကြိမ်မှာတော့ အရင်ကထက် ပိုမိုပြင်းထန် တင်းကြပ်တဲ့ အချက်တွေ ထည့်သွင်းထားပြီး မြန်မာစစ်တပ်ကနေ ဥပဒေအဖြစ် အတည်ပြုတော့မယ့် သဘောရှိတယ်လို့ NetBlocks အဖွဲ့တည်ထောင်သူ Alp Toker က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူတွေဟာ ပြင်ပကမ္ဘာနဲ့ ထိတွေ့ဆက်ဆံခွင့်ရဖို့ VPN ကွန်ရက်တွေကို အဓိကထား အသုံးပြုနေကြရတဲ့ အကြောင်း၊ VPN ကွန်ရက်တွေဟာ မြန်မာပြည်သူတွေရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေအတွက် အဓိက အခန်းကဏ္ဍက ပါဝင်နေတယ်လို့လည်း NetBlocks အဖွဲ့က ပြောပါတယ်။

အခုလို VPN ကွန်ရက်တွေကို တရားဝင်အသုံးပြုခွင့်မရအောင် ဥပဒေနဲ့ ပိတ်ပင်ဖို့ ကြိုးစားတာဟာ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးအပေါ် ဆိုးဆိုးဝါးဝါး ထိခိုက်စေမှာ ဖြစ်ပြီး စစ်ကောင်စီအပေါ်မှာ ပြည်သူလူထုရဲ့ မကျေနပ်ချက်တွေ ကြီးထွားလာမှာ ဖြစ်တယ်လို့လည်း NetBlocks အဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။