စစ်ကြောရေးမှာ အဓမ္မပြုကျင့်ခံရမှုများ နိုင်ငံတကာသိအောင် တိုင်ကြားမည်
မန္တလေး အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးကြောင့် အဖမ်းခံထားရတဲ့ ဗကသအဖွဲ့ဝင် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦး စစ်ကြောရေးမှာ အဓမ္မပြုကျင့်ခံရပြီးတဲ့နောက် ထောင်ထဲမှာ တိုက်ပိတ်ခံထားရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) က ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အဓမ္မအကျင့်ခံရသူတွေရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့အနေနဲ့ သူတို့ရဲ့ အသက်အရွယ်နဲ့ အမည်အတိအကျကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
စစ်ကြောရေးမှာ အဓမ္မအကျင့်ခံရပြီး ထောင်ထဲမှာ တိုက်ပိတ်ခံထားရတာကြောင့် လူမသိသူမသိ နှုတ်ပိတ်ပစ်မှာကိုတောင် စိုးရိမ်နေရတယ်လို့ ဗကသအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက RFA ကို ပြောပါတယ်။
"အမျိုးသမီး ရဲဘော်တစ်ဦးကို စစ်ကြောရေးက မုဒိမ်းကျင့်တယ်လို့ ကြားတယ်။ သူ့ကို မုဒိမ်းကျင့်ပြီးတဲ့အခါမှာ ထိခိုက်ဒဏ်ရာတွေရှိတယ်။ စစ်ကြောရေးမှာ နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေ ရှိတယ်ပေါ့လေ။ အဲဒဏ်ရာတွေရှိတဲ့ အခါမှာ ဘာမှဆေးကုသခွင့် မပေးဘဲ ပစ်ထားတယ်လို့ ကြားတယ်။ ပြီးရင် အခုထောင်ကိုပို့ပြီး တိုက်ပိတ်ထားတယ်။ သူ့အနေ နဲ့ အစစအရာရာ စိတ်ရော၊ လူရော အဆုံးထိ ရောက်နေမယ်လို့ ကျနော်တို့ ထင်တယ်။ Sucide ကေ့စ်တွေအထိ ဖြစ်လာနိုင်တယ်ပေါ့။ Rape အကြောင်းအရာကြောင့် စစ် ကောင်စီက သူ့ကို နှုတ်ပိတ်တာအထိ လုပ်မှာကို စိုးရိမ်ပူပန်မှုရှိပါတယ်"
ဗကသအဖွဲ့ဝင် အမျိုးသမီးအပြင် နောက်ထပ် နိုင်ငံရေးအကျဉ်းသား အမျိုးသားနှစ်ဦးလည်း ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေး နန်းတွင်းစစ်ကြောရေးမှာ အဓမ္မအကျင့်ခံခဲ့ရတယ်လို့ ကိုအောင်ပြည့်စုံဖြိုးက ပြောပေမယ့် ရက်အတိအကျကိုတော့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။
အဲဒီ ဗကသအဖွဲ့ဝင် အမျိုးသမီးဟာ လွန်ခဲ့တဲ့ ခြောက်လခန့်က အဖမ်းခံလိုက်ရတာဖြစ်ပြီး လက်ရှိအချိန်အထိ သူ့ကို ဘာပုဒ်မနဲ့ စွဲချက်တင်ထားသလဲဆိုတာ အတိအကျ မသိရသေး ဘူးလို့ အဲဒီမိန်းကလေးရဲ့ သူငယ်ချင်းဖြစ်သူ ဗကသအဖွဲ့ဝင် မလပြည့်က ပြောပါတယ်။
အခု အိုးဘိုထောင်မှာ တိုက်ပိတ်ခံထားရတဲ့ အဲဒီ ဗကသအဖွဲ့ဝင် အမျိုးသမီးဟာ စစ်အာ ဏာ မသိမ်းခင်ကတည်းက အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ရခိုင်ဒေသအတွက် ဆန္ဒပြလှုပ်ရှားခဲ့သူဖြစ်တာကြောင့် စစ်ကောင်စီလက်က ရန်ငြိုးထားခံရသူတစ်ဦးဖြစ် တယ်လို့ မလပြည့်က ပြောပါတယ်။
"ညီမသူငယ်ချင်းက အခုချိန်ထိ စစ်ကြောရေးမှာရှိတယ်။ လူမှုရေးဖြစ်တဲ့ ကာမနှောင့် ယှက်ခံရတာတွေရှိတယ်လို့ ပို့လာတာရှိတယ်ပေါ့။ ပြန်ကြားသိရတာ ရှိတယ်ပေါ့။ ကျမ သူငယ်ချင်းအနေနဲ့ စစ်အုပ်စုကို ရတဲ့နည်းနဲ့ ပြန်တွန်းလှန်နေမယ်လို့ ယုံကြည်ပါတယ်။ သူဒီလို ပေးဆပ်နေရတာတွေက နောင်မျိုးဆက်တွေ သူ့လိုအဖြစ်မျိုးနဲ့ မကြုံရအောင် ကြံ့ကြံ့ခိုင်ရင်ဆိုင်နေမယ်လို့ ကျမကတော့ ယုံကြည်တယ်"
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် အဖမ်းခံရတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ခြိမ်းခြောက်မှုတွေကို ပိုကြုံတွေ့ရ တယ်လို့ အဖမ်းခံရပြီးမှ ပြန်လွတ်လာသူတချို့က ပြောကြပါတယ်။
ရန်ကုန်က စစ်ကြောရေးစခန်းတစ်ခုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အမျိုးသမီးတွေ အပေါ် ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုတာတွေ၊ နှုတ်နဲ့စော်ကားတာ၊ ခန္ဓာကိုယ်ကို မထိတထိ ကိုင်တွယ်တာ စတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ကိုယ်တိုင်မြင်ခဲ့ရတယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးက RFA ကို ပြောပါတယ်။
"ညီမလိုမျိုး အဖမ်းခံရတဲ့ အစ်မတစ်ယောက်ကို စစ်ကြောရေးမှာ မအင်္ဂါကို ကြမ်းတိုက် တဲ့ တုတ်နဲ့ထိုးတယ်။ ဘောင်းဘီအပြင်ကနေ ထိုးတယ်။ ပြီးတော့ တင်ပါးကို ဝိုင်းရိုက် ကြတယ်။ အဲဒီအစ်မက ခန္ဓာကိုယ် အရမ်းလှတယ်၊ သူတို့က တမင်သက်သက်ကို နှာဘူးကြပြီးတော့မှ ဒီတစ်ယောက်က မိုက်တယ်ကွာ ဆိုပြီးတော့ ရိုက်ကြတာ။ အဲ အစ်မရဲ့တင်ပါးအသားတွေ ကွဲထွက်ပြီးတော့ သွေးတွေထွက်လာတယ်။ အဲအစ်မ ထိုင်လိုက်တဲ့နေရာမှာ သွေးကွက်တွေ ကျန်တဲ့အထိဖြစ်တယ်။ မထိုင်နိုင်လောက်တဲ့ အထိ ဒဏ်ရာဖြစ်တယ်ပေါ့နော်"
"ဗကသက ဆရာမတွေကိုလည်း လိင်ပိုင်းဆိုင်ရာ ကျုးလွန်နေတာကို မြင်ရတယ်"
သူဟာ ပြီးခဲ့တဲ့နှစ် မတ်လက ဆန္ဒပြဖို့လူစုနေစဉ် ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး စစ်ကြောရေး စခန်းမှာ ၁၀ ရက်ကြာ စစ်ကြောခံရပြီးမှ ပုဒ်မ ၅၀၅ (က)နဲ့ အင်းစိန်ထောင်ကို အပို့ခံခဲ့ရ တာဖြစ်ပါတယ်။ အင်းစိန်ထောင်မှာ ခုနစ်လကြာနေခဲ့ရပြီး ၂၀၂၁ အောက်တိုဘာ ၁၈ ရက် နေ့ကမှ ပြန်လည်လွတ်လာတာဖြစ်ပါတယ်။
စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ဒါတွေဟာ စွပ်စွဲချက် သက်သက်သာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
"စွပ်စွဲနေကြတာပဲ ဖြစ်ပါတယ်။ PDF အမည်ခံနဲ့ NUG အမည်ခံ အကြမ်းဖက်သောင်း ကျန်းသူတွေက ဆရာ၊ ဆရာမတွေကို ရိုက်နှက်နေတာတွေ၊ အရွယ်မရောက်သေးတဲ့ ၁၃ နှစ်သမီးကို ရိုက်နှက်နေတဲ့ ဟာတွေကို ဘာတစ်ခုမှ ထုတ်မပြောဘဲနဲ့၊ ဒါတွေနဲ့ ပတ်သက်ပြီး အမျိုးမျိုးလုပ်ကြံစွပ်စွဲနေတာ သူတို့ရဲ့ ပြည်သူလူထုအပေါ်မှာ မမှန်သတင်းပေးထား ရှိတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာအစိုးရ လက်ထက်မှ အမျိုးသမီးတွေ ဖမ်းခဲ့ တာ မဟုတ်ဘူး။ ယခင်အစိုးရလက်ထက်ကတည်းက ဖမ်းခဲ့တာဖြစ်တယ်။ အဲဒါကိုကျ မြန်မာနိုင်ငံမှာသုံးနေတဲ့ အကျဉ်းထောင်ဥပဒေတွေ ထောင်ဥပဒေတွေနဲ့ ယခင်အင်္ဂလိပ် ခေတ်လက်ထက်ထဲက ကျင့်သုံးနေတဲ့ ဥပဒေတွေနဲ့ လိုအပ်ချက်အရ ဖြည့်ဆည်းမွမ်းမံ တာပဲရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ဥပဒေတွေနဲ့ ထိန်းသိမ်းတဲ့ နည်းလမ်းတွေ အကျဉ်း ထောင် လက်စွဲစာအုပ်တွေ အပြည့်အစုံ ရှိပြီးသားဖြစ်တယ်"

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ကျုးလွန်ပြီးမှ ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာ၊ စစ်ကြောရေးနဲ့ အကျဉ်းထောင်ထဲမှာ အဓမ္မပြုကျင့် တာတွေအတွက် နိုင်ငံတကာသိအောင် ကြိုးစားသွားမယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (WLB) က တွဲဖက်အထွေထွေအတွင်းရေးမှူး မနန်းမို့မို့ က RFA ကို ပြောပါတယ်။
"ဗကသက ဆရာမတွေကိုလည်း လိင်ပိုင်းဆိုင်ရာ ကျုးလွန်နေတာကို မြင်ရတယ်။ တချို့နေရာတွေမှာဆိုလည်း အမျိုးသမီးတွေကို သတ်ဖြတ်လိုက်တဲ့ ကေ့စ်တွေလည်း ရှိတယ်။ တချို့တွေဆိုရင် ရိုးရိုးတန်းတန်း သတ်ဖြတ်တာမျိုး မဟုတ်ဘဲနဲ့ လိင်ပိုင်းဆိုင်ရာ ကျုးလွန်ပြီးမှ ညှဉ်းပန်းနှိပ်စက်တာ သတ်ဖြတ်တာကို ကျုးလွန်တာမျိုး တွေ့ရတယ် ပေါ့နော်။ အခုလုပ်ဆောင်နေတာက ဖြစ်ပျက်နေတဲ့ကိစ္စတွေကို ကျမတို့ မှတ်တမ်းတင် တယ်၊ ပြီးလို့ရှိရင်တော့ ဒီလိုမျိုးကိစ္စတွေမှာ နိုင်ငံတကာရဲ့ တာဝန်ခံမှုယန္တရားတွေမှာ တာဝန်ယူမှုနဲ့ တရားမျှတမှု ယန္တရားတွေအရ သူတို့ကို ခုံရုံးတွေတင်ပြီး စစ်ဆေးတဲ့အခါ မှာ ခိုင်မာမှုရှိအောင် သက်သေတွေအဖြစ်နဲ့ ဒီဟာနဲ့ပတ်သက်ပြီး မှတ်တမ်းတင် စုဆောင်းထားတာ ရှိပါတယ်"
RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ အမျိုးသမီး ၁၀၇ ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးသူ အမျိုးသမီးတွေဟာ အသက်အရွယ်အတိအကျ မဖော်ပြနိုင်သူ ၂၄ ဦး၊ အသက် ၇၀ နဲ့အထက် ငါးဦး၊ အသက် ၆၀ နဲ့အထက် ကိုးဦး၊ အသက် ၅၀ နဲ့အထက် ရှစ်ဦး၊ အသက် ၄၀ နဲ့အထက် ငါးဦး၊ အသက် ၃၀ နဲ့အထက် ၁၈ ဦး၊ အသက်၂၀ နဲ့အထက် ၂၇ ဦး၊ အသက် ၁၅ နဲ့နှစ်အထက် သုံးဦး၊ အသက် ၁၄ နှစ်အရွယ် ရှစ်ဦး စုစုပေါင်း ၁၀၇ ဦးဖြစ်ပါတယ်။