စစ်ကောင်စီက ဖမ်းထားတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူကူဘိုတာ (Toru Kubota) ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ဩဂုတ်လ ၂၂ ရက်နေ့မှာ ပြောကြောင်း ဂျပန် နေ့စဉ်သတင်းဌာန (Mainichi Japan) မှာ ဒီကနေ့ ရေးသားထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အစ်ချီယို မာယိုယာမ (Ichiro Maruyama) ဟာ တိုရူကူဘိုတာနဲ့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆက်သွယ်ခွင့် ရခဲ့တာလို့ ဂျပန်နေ့စဉ်သတင်းဌာနရဲ့ သတင်းမှာ ပါဝင်ပါတယ်။
ဂျပန်သံအမတ်ကြီးက တိုရူကူဘိုတာကို ရှေ့နေကိစ္စအပြင် တခြားအရာတွေအတွက်ပါ ကူညီပေးသွားမယ်လို့ ပြောခဲ့ပြီး တိုရူကူဘိုတာကလည်း အဖမ်းခံထားရတဲ့ ကာလအတွင်း မတရားပြုကျင့်ခံရတာတွေ မရှိဘူးလို့ ပြန်ပြောခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးရဲ့ ပြောဆိုမှုကို ကိုးကားပြီး ဂျပန်သတင်းဌာနက ဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူကူဘိုတာဟာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုကို မှတ်တမ်း ရိုက်ကူးပြီးနောက်မှာပဲ အဖမ်းခံခဲ့ရတာပါ။
ဂျပန်သံရုံးဟာ တိုရူကူဘိုတာနဲ့ တွေ့ခွင့်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုခဲ့ပေမယ့် Covid-19 ဆိုင်ရာ တင်းကျပ်မှုတွေနဲ့ တခြားအကြောင်းပြချက်တွေကြောင့် လက်မခံခဲ့ပါဘူး။
ဂျပန်သတင်းဌာန (The Japan Times) ကတော့ တိုရူကူဘိုတာကို မကြာခင် ပြန်လွှတ်ပေးမယ် လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂျပန်အောက်လွှတ်တော်အမတ် မစ္စတာ ဟီရိုမီချီဝါတာနာကို ကတိပေးခဲ့ကြောင်း ဩဂုတ်လ ၁၇ ရက်နေ့မှာ ရေးသားဖော်ပြခဲ့ ပါတယ်။
အဲလိုရေးသားဖော်ပြပြီး နောက်တစ်နေ့မှာပဲ မစ္စတာ ကူဘိုတာကို အရင်ဖွင့်ထားတဲ့ ပုဒ်မနှစ်ခု အပြင် နောက်ထပ် အီလက်ထရွန်နစ် ပုဒ်မတစ်ခုနဲ့ပါ ထပ်တိုးအရေးယူဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောခဲ့ ပါတယ်။