အောက်တိုဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ အဖမ်းခံခဲ့ရတဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကျော်မင်းယုခေါ် ကိုဂျင်မီကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီကမြန်မာ့ရုပ်မြင်သံကြားမှာ မနေ့ညက ထုတ်လွှင့်ခဲ့ပါတယ်။
ပုဒ်မ ၅ဝ၅ (ခ) နဲ့ စစ်ကောင်စီက အမှုဖွင့်ခံထားရတဲ့ ကိုဂျင်မီဟာ ရန်ကုန်မြို့မှာ အကြမ်းဖက် အလုပ်တွေကို လုပ်နေသူလို့ ဆိုပါတယ်။ ကိုဂျင်မီဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေလုပ်ဖို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ ချိတ်ဆက်လုပ်ဆောင်ခဲ့သူ ဖြစ်တယ်လို့လည်း စွပ်စွဲထားပါတယ်။ NUG ဘက်ကတော့ ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ကိုဂျင်မီကို ပုဒ်မ ၅ဝ၅ (က)၊ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၁၂၄၊ မတရားအသင်း ဥပဒေအပြင် လက်နက်ဆိုင်ရာ ဥပဒေတွေနဲ့ပါ အရေးယူသွားမယ်လို့ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်မြင်သံကြားမှာ မနေ့ညက ထုတ်လွှင့်ခဲ့ပါတယ်။
ကိုဂျင်မီဟာ ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုအုံကြွမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ် အောက်တိုဘာလ ၂၄ ရက်မှာ ကိုဂျင်မီ အဖမ်းခံခဲ့ ရတုန်းက ရိုက်နှက်ခံရတာတွေရှိလို့ ဆေးရုံတင် ကုသခဲ့ရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။ ဒီသတင်းတွေကို စစ်ကောင်စီဘက်က အတည်ပြုဖို့ ငြင်းဆိုခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံရသူတွေကို စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းလို့ သေဆုံးတာတွေ ရှိနေတာကြောင့် သူ့ရဲ့ မိသားစုကလည်း အထူးစိုးရိမ်ပူပန်နေပြီး ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကလည်း ကိုဂျင်မီ အပါအဝင် ဖမ်းဆီးခံနေရတဲ့ ဒီမိုကရေစီ လိုလားသူတွေနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ မတရား ဖိနှိပ်ခံရတာတွေအပေါ် အထူးစိုးရိမ်နေတဲ့အကြောင်း ကိုဂျင်မီ အဖမ်းခံရပြီး နောက်တစ်ရက်မှာပဲ ကြေညာချက် ထုတ်ခဲ့ပါတယ်။