မြန်မာနိုင်ငံမှာ အင်တာနက်ပေါ်ကနေ သီချင်းဝန်ဆောင်မှုပေးနေတဲ့ JOOX Music Myanmar က သူတို့ရဲ့ လုပ်ငန်းတွေကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့အထိပဲ အသုံးပြုနိုင်တော့မယ်လို့ ကြေညာပါတယ်။
“မြန်မာနိုင်ငံတွင် အသုံးပြုနေသော JOOX Music ဝန်ဆောင်မှုသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်” လို့ မေလ ၂၃ ရက်နေ့က ထုတ်ပြန်တဲ့ JOOX Music ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သီချင်းပေါင်း ၄၅ သန်းကျော်ပါဝင်တဲ့ ပြည်တွင်း၊ ပြည်ပက သီချင်းတွေအပြင် မြန်မာနိုင်ငံက ဂီတချစ်ပရိသတ် တွေအတွက်လည်း အထူးသီးသန့် LIVE ဖျော်ဖြေမှုတွေ ပံ့ပိုးနိုင်ခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူမိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ဘာကြောင့် ရပ်နား တယ်ဆိုတာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ နီးနီးကပ်ကပ် ဆက်ဆံနေတဲ့ တရုတ်အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ သပိတ် မှောက်ကြဖို့ လှုံ့ဆော်ခံထားရတဲ့အထဲမှာ JOOX Music Myanmar လည်း ပါဝင်နေတာ ဖြစ်ပါတယ်။
JOOX ကို တရုတ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Tencent က ပိုင်ဆိုင်ထားတာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံ ကို စတင် ဝင်ရောက်လာခဲ့ပြီးတဲ့နောက် လူငယ်တွေကြားထဲမှာ အသုံးများ လာတဲ့ Music App တစ်ခုလည်း ဖြစ်ပါတယ်။ JOOX Music ကို Google Play Store ပေါ်ကနေ ဒေါင်းလုတ်ရယူထားသူပေါင်း သန်း ၁၀၀ ကျော် ရှိပါတယ်။
မြန်မာနိုင်ငံမှာ JOOX Music ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းလိုက်ပေမယ့် ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မကာအို၊ မလေးရှား၊ ထိုင်းနိုင်ငံတွေမှာ သူတို့ရဲ့ လုပ်ငန်းတွေကို ဆက်လက် လည်ပတ်သွားမယ်လို့လည်း ဆိုပါတယ်။