သတင်းထောက် ကိုမျိုးမင်းထွန်း ထောင် နှစ်နှစ် ချမှတ်ခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာနေထိုင်တဲ့ သတင်းထောက် ကိုမျိုးမင်းထွန်းကို ပုသိမ် အကျဉ်းထောင်တွင်း တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ဩဂုတ်လ ၁၀ ရက် မနေ့က ထောင်ဒဏ် နှစ်နှစ် ချမှတ် လိုက်တယ်လို့ သူ့မိသားစုဝင် တစ်ဦးက RFA ကို ပြောပါတယ်။

ချုပ်ရက်တွေကိုတော့ ထုတ်နုတ်ခံစားခွင့်ရထားတယ်လို့ ကိုမျိုးမင်းထွန်းရဲ့ မိသားစုဝင်က ပြောပါတယ်။

“ပုဒ်မ ၅၀၅ (က) နဲ့ ထောင် နှစ်နှစ် ချလိုက်တာ ဟုတ်ပါတယ်။ မနေ့က အမိန့်ချ ပြီးတော့ ထောင်ထဲမှာ မိသားစုနဲ့ တွေ့ခွင့်ရတယ်။ ကျန်းမာရေးလည်း ကောင်းပါတယ်။ သူပြောတာကတော့ အပြင်မှာ အေးဆေးနေဖို့ပေါ့။ အစ်ကိုကြီးက နောက် ၈ လ၊ ၉ လလောက်ဆို ပြန်ထွက်လာရမှာပါလို့ ပြောတယ်။ သူ အဖမ်း ခံထားရတာလည်း ကြာနေပြီဆိုတော့ ချုပ်ရက် ခံစားခွင့်ရှိတဲ့သဘောပါ”

ကိုမျိုးမင်းထွန်းဟာ ဧရာဝတီတိုင်းမ် သတင်းဌာနနဲ့ မြစ်မခ သတင်းဌာနတွေမှာ သတင်းထောက် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က ပုသိမ်မြို့၊ အမှတ် ၁ ရပ်ကွက်က သူ့နေအိမ်မှာပဲ အဖမ်းခံခဲ့ရတာဖြစ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ် - ၅၀၅ (က) နဲ့ စစ်ကောင်စီက တရားစွဲဆိုခဲ့တာလို့ မိသားစုဝင် တွေက ပြောပါတယ်။

အဖမ်းခံရပြီးနောက် ကိုမျိုးမင်းထွန်းဟာ အနောက်တောင်တိုင်း စစ်ဌာနချုပ်ထဲမှာရှိတဲ့ စစ်ကြောရေးကို ခေါ်ဆောင်ခံရပြီး မိသားစုနဲ့ အဆက်အသွယ် လုံးဝ ပြတ်တောက် သွားခဲ့တာပါ။ အဲဒီနောက်ပိုင်း ပုသိမ် အကျဉ်းထောင်ကို ပြန်ရောက်လာချိန်မှာမှ အဆက်အသွယ် ပြန်ရတာလို့ ကိုမျိုးမင်းထွန်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကလည်း ပုသိမ်ထောင်ထဲမှာ အဖမ်းခံထားရတဲ့ မြန်မာ သံတော်ဆင့် သတင်းဌာနက သတင်းထောက် ကိုရဲရင့်ထွန်းကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅ (က)၊ ၅၀၅ (ခ) တို့နဲ့ ထောင်ဒဏ် နှစ်နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။

မြန်မာသတင်းသမားတွေ ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်းတစ်နှစ်ကျော်အတွင်း အဖမ်းခံရတဲ့ သတင်းသမားပေါင်း ၁၄၀ ဦး ရှိခဲ့ပြီး အဲဒီအထဲက ၅၅ ဦးက အချုပ်နဲ့ အကျဉ်းထောင်အသီးသီးမှာ ဆက်လက်ထိန်းသိမ်းခံနေကြရဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းသမားတွေဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) အပြင် နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ -၁၂၄ နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ပါ အရေးယူ ခံနေကြရတယ်လို့ ဒီလို အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။