တရားသူကြီး ကိုဗစ်ဖြစ်နေလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေ ဒီနေ့မစစ်ဖြစ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိအမှုတချို့ကို ဩဂုတ်လ ၂၉ ရက် ဒီနေ့မှာ စစ်ဆေးဖို့ရှိပေမယ့် အမှုကို ကိုင်တွယ်တဲ့ တရားသူကြီး ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံထားရတာကြောင့် အမှုတွေ မစစ်ဆေးဖြစ်ဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အပတ်စဉ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တိုင်း ရုံးထိုင်စစ်ဆေးတဲ့ မန္တလေးတိုင်းတရားသူကြီး ဦးမြင့်ဆန်းဟာ ကိုဗစ်ကူးစက်ခံထားရပြီး ကျန်းမာရေးမကောင်းတာကြောင့် အမှုတွေကို မစစ်ဆေးဘဲ နောက်တစ်ပတ်ရုံးချိန်းကို ရွှေ့ဆိုင်းလိုက်တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းတဲ့ ကိစ္စရပ် တွေနဲ့ဆိုင်တဲ့ အမှုငါးမှုနဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးမောင်ဝိတ်ထံက ဒေါ်လာတွေ လက်ခံ ရယူတဲ့ဆိုတဲ့ အမှုနှစ်မှု စုစုပေါင်းခုနစ်မှုကို အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တိုင်း ရုံးထုတ် စစ်ဆေးနေတာပါ။

ကျန်တဲ့အမှုတွေထဲက မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ - ၃ (၁) (ဂ) အမှုကိုတော့ အပတ်စဉ် ကြာသပတေးနေ့တိုင်း စစ်ဆေးပြီး ဒက္ခိဏခရိုင်တရားသူကြီး ဦးဝင်းတင့်က ကိုင်တွယ်ပါတယ်။

လာမယ့် သောကြောနေ့မှာ အမိန့်ချဖို့ ချိန်းဆိုထားတဲ့ ရွေးကောက်ပွဲမသမာမှု စွပ်စွဲချက် ရာဇသတ်ကြီးပုဒ်မ ၁၃၀-က အမှုကိုတော့ ဇမ္ဗူသီရိမြို့နယ် တွဲဖက်တရားသူကြီး ဦးမောင်မောင်ခင်က စီရင်ဆုံးဖြတ်မှာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆို ခံထားရပြီး လက်ရှိမှာ အမှု ၁၀ မှုအတွက် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရတာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကတည်းက အသက် ၇၇ နှစ်ပြည့်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် အချုပ်ထောင်ထဲက သီးသန့်ဆောင်တစ်ခုကို ပြောင်းရွှေ့ခံခဲ့ရပြီး ကျန်နေတဲ့ အမှုတွေကိုလည်း အချုပ်ထောင်တွင်း တရားရုံးမှာပဲ ဆက်လက် တရားရင်ဆိုင်နေရပါတယ်။