တရားသူကြီးတွေ တရားခွင်မှာ ကျမ်းသစ္စာ ကျိန်ဆိုရေး အဆို ဆွေးနွေးမည်
2019.01.23
တရားသူကြီးတွေ တရားခွင်မှာ ကျမ်းသစ္စာကို တိကျလေးနက်စွာ ကျိန်ဆိုရေး အဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် ၁ က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုးက ပြည်သူတွေ ယုံကြည်ကိုးစားပြီး ဖြောင့်မတ်မှန်ကန်မျှတတဲ့ တရားစီရင်ရေးဖြစ်ဖို့ တရားသူကြီး၊ အမှုသည်နဲ့ သက်သေတွေ ကျမ်းသစ္စာကျိန်ဖို့ အဆိုတင်သွင်းတာပါ။
NLD ပါတီဝင်တစ်ဦးဖြစ်သူ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးက လက်ရှိမှာ တရားသူကြီးက ကျမ်းမကျိန်ရဘဲ သက်သေတွေနဲ့ အမှုသည်တွေပဲ ကျိန်ရကြောင်း၊ အမှုကို မှန်မှန်ကန်ကန်ဆုံးဖြတ်ရမယ့် တရားသူကြီးကလည်း ကျမ်းကျိန်သင့်တယ်လို့ ယူဆတာကြောင့် ဒီအဆိုကိုတင်တာလို့ ပြောပါတယ်။
တဆက်တည်းမှာပဲ ကျမ်းသစ္စာအက်ဥပဒေပုဒ်မ ၆ အရ ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုတဲ့ ဟိန္ဒူဘာသာဝင်နဲ့ မဟာမေဒင်ဘာသာဝင် သက်သေတွေ၊ ဂျူရီလူကြီးတွေ ဒါမှမဟုတ် စကားပြန်တွေကလွဲရင် ကျန်ဘာသာဝင် တရားသူကြီးတွေ၊ အမှုသည်တွေ၊ သက်သေတွေ ကျမ်းကျိန်ဖို့အတွက်ဖြစ်တယ်လို့ ပြောပါတယ်။
သမ္မတဦးဝင်းမြင့်ရဲ့ သားမက်ဖြစ်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုး တင်သွင်းတဲ့ အဲဒီအဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးပြီး ကန့်ကွက်သူမရှိတဲ့အတွက် လက်ခံဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။
လက်ရှိ သမ္မတ ဦးဝင်းမြင့်ဟာ ပထမအကြိမ် ပြည်သူ့လွှတ်တော် ကျင်းပစဉ် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အဲဒီလို တရားသူကြီးတွေ ကျမ်းသစ္စာကြိမ်ဆိုဖို့ အဆိုကို လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
ဒါပေမဲ့ ပြည်ထောင်စု တရားသူကြီးချုပ်၊ တရားသူကြီးတွေ၊ ပြည်နယ်နဲ့ တိုင်း တရားသူကြီးတွေဟာ သက်ဆိုင်ရာ လွှတ်တော်တွေမှာ ကျန်းကျိန်ပြီးဖြစ်လို့ မလိုအပ်ဘူးဆိုပြီး တရားရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားတာတွေရှိခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့လိုက်တာပါ။