စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေကြောင်း TNLA ပြော
2024.08.05
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်နေတယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဩဂုတ်လ ၄ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ကျောက်မဲမြို့နယ်ထဲက စစ်ကောင်စီရဲ့ လက်ကျန် တပ်စခန်းတွေဖြစ်တဲ့ စကခ-၁၊ ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းနဲ့ ပတ္တမြားစေတီ အနီးတစ်၀ိုက်ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ခုနစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ပြောပါတယ်။
ဩဂုတ်လ ၅ ရက် ဒီနေ့ မနက်မှာလည်း ကျောက်မဲမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောင်ချိုမြို့နယ်ထဲမှာတော့ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ပေါ်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ ရွာတွေဘက်မှာ တိုက်ပွဲတွေဆက်ဖြစ်နေ တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လက်နက်ကြီးသံတွေ ကြားရတယ်။ မနေ့က တိုက်ပွဲဖြစ်တဲ့နေရာက မြို့ကနေ ဆိုင်ကယ်နဲ့ မိနစ် ၄၅ လောက် သွားရတယ်။ မိုင်နဲ့ဆို ၂၀ ကျော်လောက်တော့ ရှိမယ်။ အခုလောလောဆယ် မြို့ထဲမှာတော့ ငြိမ်နေတယ်။ စစ်ရှောင်တွေကလည်း တချို့တော့ ပြန်လာကြပြီ”
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဇွန်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး တစ်လကျော်အတွင်း နောင်ချို၊ စဥ့်ကူး၊ မိုးမိတ် နဲ့ မိုးကုတ်မြို့တွေကို TNLA နဲ့ PDF တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး လားရှိုးမြို့ကိုတော့ ကိုးကန့်တပ်မတော် (MNDAA) က ထိန်းချုပ်ထားပါတယ်။