စဉ့်ကူးပြည်သူ့ဆေးရုံကို စစ်ကောင်စီလေကြောင်းကနေ တိုက်ခိုက်

RFA Burmese
2025.01.31
စဉ့်ကူးပြည်သူ့ဆေးရုံကို စစ်ကောင်စီလေကြောင်းကနေ တိုက်ခိုက် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ပြည်သူ့ဆေးရုံအား လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အပျက်အစီးများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က တွေ့ရစဉ်။
Telegram/MDY-PDF

မန္တလေးတိုင်း စဉ့်ကူးမြို့ပေါ်က မြို့နယ်ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဇန်နဝါရီလ ၃၁ရက် မနက်စောပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ထုတ်ပြန်ပါတယ်။

တိုက်ပွဲမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ MDY-PDF ပြောခွင့်ရသူ ကိုအော်စမွန်က RFA ကို ပြောပါတယ်။

"စဉ့်ကူးမြို့နယ်ဟာ တိုက်ပွဲမဖြစ်တာလည်း အတော်ကြာပြီလို့ ပြောလို့ရတယ်၊ နောက်တစ်ခုက တိုက်ပွဲဖြစ်တဲ့နေရာတွေနဲ့ အလှမ်းဝေးတဲ့ ဒေသလည်းဖြစ်တဲ့အတွက် ဒီအများပြည်သူနဲ့ဆိုင်တဲ့ ဆေးရုံကို လေကြောင်းတိုက်ခိုက်တဲ့ကိစ္စက အကြောင်းမဲ့သက်သက် အရပ်သားပစ်မှတ်တွေအပေါ် လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သတ်မှတ်လို့ရပါတယ်"

လေကြောင်းကနေ ဗုံးကြဲချိန်ဟာ ညအချိန်လည်းဖြစ်သလို လူမနေတဲ့ အဆောက်အဦးပေါ် ကျရောက်ပေါက်ကွဲတာကြောင့် လူထိခိုက်မှုတော့ မရှိဘူးလို့လည်း ဆိုပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့ကလည်း စဥ့်ကူးမြို့နယ် ကံတောင်ရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် အရပ်သား သုံးဆယ်ထက်မနည်း ဒဏ်ရာရထားတယ်လို့ စဥ့်ကူးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီဟာ ဆေးရုံတွေကို ဦးတည်တိုက်ခိုက်နေတာ တွေ့ရပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာလို့ MDY-PDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စဥ့်ကူးမြို့နယ်ကို ဇူလိုင် ၁၇ ရက်နေ့မှာ MDY-PDF ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ စစ်ကောင်စီကတော့ စဉ့်ကူးမြို့နယ်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁,၇၆၉ ဦး သေဆုံးပြီး ၃,၇၂၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။