မုန်တိုင်းသင့်ရခိုင်မှာ ကုလနဲ့ နိုင်ငံတကာ လူမှုအဖွဲ့တွေ သွားလာကူညီခွင့် စစ်ကောင်စီပိတ်ပင်

RFA Burmese
2023.06.08
မုန်တိုင်းသင့်ရခိုင်မှာ ကုလနဲ့ နိုင်ငံတကာ လူမှုအဖွဲ့တွေ သွားလာကူညီခွင့် စစ်ကောင်စီပိတ်ပင် ရသေ့တောင်မြို့၊ ပြည်တော်သာကန်နှင့် မိုးရေဝင်ထားသည့်ကန်အချို့တွင် ညနေပိုင်း ရေခပ်ဆင်းနေကြသည်ကို ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်က တွေ့ရစဉ်။
Photo: RFA

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ အပါအဝင် ပြည်တွင်း၊ ပြည်ပ အရပ်ဘက်လူမှုကူညီရေးအဖွဲ့တွေရဲ့ ကူညီထောက်ပံ့ရေး သွားလာခွင့်ကို ရခိုင်ပြည်နယ် စစ်ကောင်စီက ဒီနေ့ရက်စွဲနဲ့ စာထုတ်ပြီးပိတ်ပင်လိုက်တယ်လို့ ဒေသတွင်း လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီကနေ ခွင့်ပြုထားတဲ့ ခရီးသွားလာခွင့်တွေကို ဇွန်လ ၇ ရက်နေ့ကစလို့ ရပ်ဆိုင်းလိုက်တဲ့အကြောင်း စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ လက်မှတ်ထိုးပြီး ပိတ်ပင်လိုက်တာလို့ ပြောပါတယ်။

အခုလို ပိတ်ပင်တာဟာ ပြည်ထောင်စုအဆင့် နေပြည်တော်ကနေ ပိတ်ပင်လိုက်တာလို့ သိရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“မုန်တိုင်းသင့်ပြည်သူတွေကို ကူညီဖို့ ကျွန်တော်တို့အဖွဲ့ အပါအဝင် UN၊ INGO၊ NGO အဖွဲ့တွေ ကူညီခွင့်တင်ထားတာရှိတယ်။ မနေ့ကပဲ ပြည်နယ်အစိုးရက ကူညီခွင့် ပြုခဲ့တယ်။ အဲဒါကို ပြန်ရပ်ဆိုင်းလိုက်တာပေါ့။ အခုက ပြည်ထောင်စုအဆင့် နေပြည်တော်ကနေ ပိတ်ပင်လိုက်တာလို့ သိရတယ်”

RFA က ရရှိထားတဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ လက်မှတ်ထိုးထားတဲ့ စာမှာတော့ ဘာကြောင့်ပိတ်ပင်တယ်ဆိုတာကို ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။

မုန်တိုင်းဘေးကြောင့် ပြည်သူတွေဒုက္ခရောက်နေတဲ့ အချိန်မှာ အခုလို နိုင်ငံတကာ အဖွဲ့တွေရဲ့ ကူညီထောက်ပံ့ခွင့်ကို ပိတ်ပင်တာကို လက်ခံနိုင်စရာမရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရခိုင် လူမှုကယ်ဆယ်အဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အခု မုန်တိုင်းကြောင့် ရခိုင်မှာ အကြီးအကျယ် ဒုက္ခရောက်နေတယ်။ ငတ်တဲ့သူငတ်၊ အမိုးအကာမရှိဘဲ နေရသူတွေ နေရ။ ဒီလို ပြည်သူတွေ ခက်ခဲနေတဲ့ အချိန်မှာ နိုင်ငံတကာအဖွဲ့တွေရဲ့ အကူအညီပေးခွင့်ကို ပိတ်ပင်လိုက်တာဟာ လူသားမဆန်တဲ့ အစိုးရတရပ်ရဲ့ လက်အောက်မှာ နေရတယ်ဆိုတာ ပေါ်လွင်တာပဲ။ အခုက သဘာဝ ဘေးကြောင့် လူတွေဒုက္ခရောက်နေကြတာလေ။ ပြန်လည်တည်ဆောက်ရေး ကာလတောင် မရောက်သေးဘူး။ အရေးပေါ် ကူညီကယ်ဆယ်ရမယ့် အခြေအနေ မှာပဲရှိနေသေးတယ်”

ဒါကြောင့် အခုလို ပိတ်ပင်ထားတာကို အမြန်ဆုံး ပြန်လည်ခွင့်ပြုပေးဖို့ လိုအပ်တယ် လို့လည်း သူကပြောပါတယ်။

အခုလို ပိတ်ပင်တာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ မြေပုံမြို့နယ်တွေမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ စုစုပေါင်း ၁၄၈ ဦး သေဆုံးသွားတယ်လို့ စစ်ကောင်စီက မေလ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းဒဏ်ကို ကြုံခဲ့ရတဲ့ စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ မြောက်ဦးမြို့နယ်တွေမှာ နေအိမ်အများအပြား ပျက်စီးသွားသလို စားဝတ်နေရေးနဲ့ သောက်သုံးရေ ခက်ခဲနေတာကြောင့် အရေးပေါ်အကူအညီ လိုအပ်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။