ဇူလိုင်လအတွင်း စစ်ကောင်စီစခန်းငါးခုကို သိမ်းယူခဲ့ကြောင်း KNDF ထုတ်ပြန်
2024.08.03
ကရင်နီပြည်မှာ ဇူလိုင်လအတွင်း စစ်ကောင်စီနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်တွေကြား တိုက်ပွဲတွေမှာ စခန်းလေးခုနဲ့ ဂိတ်တစ်ခုကို သိမ်းယူဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်စီတပ်သား ငါးဆယ်ကျော် သေဆုံးခဲ့တယ်လို့ ဩဂုတ်လ ၃ ရက်နေ့က KNDF က ထုတ်ပြန်လိုက်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပါဝင်တဲ့ အင်အား ၅၀၀ ကျော်ပါတဲ့ စစ်ကြောင်းနဲ့ KNDF ပူးပေါင်းတပ်တွေအကြား ပင်လောင်းမြို့နယ်မှာ ဇွန်လ (၁၅) ရက်နေ့ကနေ ဇူလိုင်လ (၁၅) ရက်နေ့ထိ တစ်လကြာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့လို့ဆိုပါတယ်။
ပင်လောင်းမြို့နယ် ဆောင်းပြောင်း၊ နောင်ဝိုးကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က အယောက် ၂၀ နီးပါးကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင့် စစ်ကောင်စီရဲ့ဆောင်းပြောင်းရှိ အထိုင်စခန်းကုန်းတစ်ခုနဲ့ ရဲစခန်းကို သိမ်းယူ မီးရှို့ဖျက်စီးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၁၈ ရက်နေ့မှစပြီး ညောင်ရွှေမြို့နဲ့ ဖယ်ခုံမြို့နယ်အစပ် မှော်ဘီ- ဆီဆိုင်လမ်းပေါ်ရှိ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် ပူးပေါင်းထားတဲ့ လွယ်လုံစခန်းကုန်း၊ စစ်ဆေးရေးဂိတ်တွေ အပါအဝင် စခန်းကုန်းနှစ်ခုနဲ့ စစ်ဆေးရေးဂိတ်ကို သိမ်းယူမီးရှို့ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက်သုံးဆယ်ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
စခန်းတွေ သိမ်းဆည်းခံရတာနဲ့ စစ်ကောင်စီတပ်သားတွေ သေဆုံးတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ စခန်းသိမ်းယူတာတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြိုနိုင်ပါဘူး။
ဇူလိုင်လအတွင်း လွိုင်ကော်၊ ဖားဆောင်း၊ ဒီးမော့ဆိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့သလို ရှမ်းပြည်နယ်စပ် ဖယ်ခုံ၊ ပင်လောင်း ၊ ညောင်ရွှေ မြို့နယ်တွေမှာလည်း စစ်ကောင်စီစစ်ကြောင်းတွေကို ပူးပေါင်းတပ်တွေက တန်ပြန်ထိုးစစ်ဆင်ခဲ့တာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။
ဇူလိုင်လအတွင်း လွိုင်ကော်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သား ငါးဦးနဲ့အထက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
လွိုင်ကော်မြို့က တိုက်ပွဲ တစ်လနီးပါးအတွင်း နေအိမ်ခြောက်ဆယ်ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့လည်း ဆိုပါတယ်။