ပြီးခဲ့တဲ့ ဧပြီလကနေ ဇူလိုင်လအတွင်း သဘာဝဓာတ်ငွေ့တင်ပို့တဲ့ လုပ်ငန်းကနေ အမေရိကန်ဒေါ်လာ သန်း၈ဝဝ နီးပါး ရရှိခဲ့တယ်လို့ မနေ့ကထုတ်တဲ့ မြန်မာ့အလင်း နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
စစ်ကောင်စီရဲ့ အဓိကဝင်ငွေရလမ်းဖြစ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့ အရေးယူဖို့ တက်ကြွလှုပ်ရှားသူတွေ တစိုက်မတ်မတ်တောင်းဆိုနေချိန်မှာ စစ်ကောင်စီက အခုလို ထုတ်ပြန်တာဖြစ်ပါတယ်။
ဒီနှစ်ရတဲ့ငွေဟာ ပြီးခဲ့တဲ့ နှစ်ကထက် ဒေါ်လာသန်း ၆ဝ ပိုတယ်လို့လည်း ဆိုပါတယ်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ ဖြစ်တဲ့ ရတနာ၊ ရဲတံခွန်၊ ရွှေနဲ့ ဇောတိက လုပ်ကွက်တွေကနေ ထုတ်လုပ်ခဲ့ပြီး အဓိကအားဖြင့် ထိုင်းနဲ့ တရုတ်ကို တင်ပို့ခဲ့တာလို့ ဆိုပါတယ်။
အမေရိကန်အစိုးရ အနေနဲ့ မြန်မာစစ်တပ် ဝင်ငွေရနေတဲ့ MOGE လုပ်ငန်းကို အရေးယူဒဏ်ခတ်ဖို့နဲ့ ဝင်ငွေပေါက်တွေကို ပိတ်ဖို့လိုပြီလို့ စစ်တပ်ရဲ့ အကျိုးအမြတ်တွေကို ဖော်ထုတ်နေတဲ့ Justice For Myanmar က သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ဒီကနေ့ တောင်းဆိုပါတယ်။
ပြည်တွင်းပြည်ပက အဖွဲ့အစည်းပေါင်း ၅ဝဝ ကျော်ဟာလည်း MOGE ကို အရေးယူဖို့ ပြီးခဲ့တဲ့ရက်က အမေရိကန် သမ္မတဆီ အိတ်ဖွင့်ပေးစာပို့ တောင်းဆိုထားပါတယ်။