စစ်ကောင်စီ ဖိတ်ခေါ်ချက်ကို ပယ်ချကြောင်း NUG နဲ့ NUCC ပူးတွဲထုတ်ပြန်
2024.10.01
စစ်ကောင်စီက နိုင်ငံရေးအရ ဖြေရှင်းဖို့ ဖိတ်ခေါ်တာဟာ ဟန်ပြဖိတ်ခေါ်မှုဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို သပ်လျှိုဖြိုခွဲတာသာ ဖြစ်တာကြောင့် ပြတ်ပြတ်သားသား ပယ်ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က အောက်တိုဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီဟာ သူတို့နဲ့ နီးစပ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အမြင်ကောင်းစေဖို့နဲ့ တိုင်းရင်းသားတွေနဲ့ PDF တွေကြားမှာ သပ်လျှိုဖြိုခွဲလာတဲ့အပေါ် သတိထားဖို့လည်း တော်လှန်ရေးအင်အားစုတွေကို တိုက်တွန်းထားပါတယ်။
စစ်အစိုးရအဆက်ဆက်ကလည်း လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်တာ၊ လက်နက်ကိုင် လမ်းစဥ် စွန့်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်တာ စတဲ့ ခေါင်းစဉ်မျိုးစုံတပ်ပြီး လှည့်ဖြားခဲ့တဲ့ သာဓကတွေရှိသလို လက်ရှိမှာလည်း စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတာ၊ မြို့ရွာတွေကို ဗုံးကြဲတာ၊ ရွာတွေကို မီးရှို့တာ စတာတွေကို မရပ်မနား ဆက်ကျူးလွန်နေပြီး အခြား တစ်ဖက်မှာ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်တယ်ဆိုတာ ယုတ္တိမရှိတဲ့ လုပ်ရပ်လို့လည်း ရေးသားထားပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတကာနဲ့ ပြည်တွင်း ဖိအားတွေရှိလာတဲ့အခါတိုင်း ရွေးကောက်ပွဲ၊ အယောင်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတာတွေကို ပြုလုပ်လေ့ရှိပြီး ပြည်သူတွေလိုလားတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဘယ်တုန်းကမှ ဖော်ဆောင်ပေးတာ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
NUG နဲ့ NUCC တို့အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်နဲ့အညီ အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေးလမ်းပြမြေပုံ (၁၂) ချက်ကို အကောင် အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း ရေးသားထားပါတယ်။
စစ်တပ်အာဏာသိမ်းကတည်းက ပျက်ပြယ်သွားပြီဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးပြီး ပြုလုပ်တဲ့ ဘယ်လိုနိုင်ငံရေး လမ်းကြောင်းကိုမျှ လက်မခံသလို စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူနေတာအပါအဝင် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့လည်း ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ပူးပေါင်းပြီး တရားမဝင် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီကတော့ နိုင်ငံတကာပြိုင်ဆိုင်မှုတွေကြားမှာ ပြည်တွင်း စည်းလုံးညီညွတ်မှုမရှိရင် နိုင်ငံပါပျောက်သွားတဲ့အထိ အန္တရာယ်ကြီးမားတာကြောင့် ပြည်တွင်းညီညွတ်မှုကို ရှေးရှုပြီး နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်တာလို့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ပြောဆိုထားပါတယ်။