စစ်ကောင်စီရဲ့ စားအုန်းဆီ သတ်မှတ်ဈေး ကျပ် ခြောက်ထောင်နီးပါးရှိလာ

RFA Burmese
2024.08.06
စစ်ကောင်စီရဲ့ စားအုန်းဆီ သတ်မှတ်ဈေး ကျပ် ခြောက်ထောင်နီးပါးရှိလာ ရန်ကုန်တိုင်း လှိုင်မြို့နယ်တွင် စားအုန်းဆီတန်းစီဝယ်ယူနေသူများအား ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အပတ်စဉ် သတ်မှတ်ပေးတဲ့ စားအုန်းဆီ အခြေခံ လက်ကားရည်ညွှန်းဈေးဟာ ဩဂုတ်လ ၅ ရက်နေ့မှာ တစ်ပိဿာ ခြောက်ထောင်ကျပ်အနီးပါးအထိ (၅၇၈၀ ကျပ်) ရှိလာပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့က စားအုန်းဆီအခြေခံ လက်ကားရည်ညွှန်းဈေးက တစ်ပိဿာ ၅၄၈၅ ကျပ် ရှိတာကြောင့် တစ်ပတ်အတွင်း ကျပ် သုံးရာ နီးပါး မြင့်တက်လာခဲ့တာပါ။

စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနကတော့ မလေးရှားနိုင်ငံမှာ ဖြစ်နေတဲ့ FOB (Free On Board) လို့ခေါ်တဲ့ ရေကြောင်းကနေ သင်္ဘောသယ်ယူပို့ဆောင်ခ၊ ဆိပ်ကမ်းအခွန်အခ၊ အာမခံကြေး စတဲ့ ဝန်ဆောင်ခတွေရဲ့ ဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့်ပြီး စာအုန်းဆီ ရည်ညွှန်းဈေးနှုန်း သတ်မှတ်တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၆ ရက် ဒီနေ့မနက်မှာတော့ စားအုန်းဆီ လက်ကား ပြင်ပပေါက်ဈေးဟာ တစ်ပိဿာကို ကျပ် ၁၂၀၀၀ အထိရှိပြီး စားအုန်းဆီအမျိုးအစားအလိုက် အမြင့်ဆုံး ကျပ်တစ်သောင်းခွဲအထိ ဈေးရှိတယ်လို့ စားအုန်းဆီ အရောင်း၊ အဝယ် လုပ်ငန်းလုပ်ကိုင်တစ်ဦးက RFA ကို ပြောပါတယ်။

“ဒေါ်လာဈေးတက်လာတော့ စားအုန်းဆီဈေးလည်း တက်လာတဲ့သဘောပဲ။ ဆီအသင်းက သတ်မှတ်ချက်နဲ့ ရောင်းပေးတာကလည်း ဝယ်သူတွေကို လိုသလောက်မဖြည့်နိုင်ဘူး၊ ရောင်းတဲ့သူတွေကျတော့လည်း ဆီအသင်းက သတ်မှတ်ဈေးနဲ့ ရောင်းရင် ရှုံးတာပေါ့။ အဲဒီတော့ ဈေးကို ထိန်းရောင်းနေရတာ”

ဇူလိုင်လကတည်းက စားအုန်းဆီ ပြင်ပပေါက်ဈေးတွေ ကျပ်တစ်သောင်းကျော်အထိ မြင့်တက်လာတာကြောင့် မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက ရောင်းတဲ့ စားအုန်းဆီဆိုင်တွေမှာ တန်းစီဝယ်ယူမှုတွေ ပိုပြီးများလာတာပါ။

လက်ရှိမှာ စစ်ကောင်စီက သတ်မှတ်မှတ်တဲ့ ရည်ညွှန်းဈေး ကျပ်ခြောက်ထောင် နီးပါးအထိရှိလာတာကြောင့် ပြင်ပပေါက်ဈေး ထပ်တက်လာနိုင်တယ်လို့လည်း စားအုန်းဆီ လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။