ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုးအမှုဖွင့်ဖို့ စစ်ကောင်စီ စစ်ဆေးနေ

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု နောက်ထပ်တစ်မှုနဲ့ ထပ်တိုးတရားစွဲဖို့ စိစစ်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ်တာဝန်ယူစဉ်မှာ MIA လေယာဉ် စင်းလုံးငှားပြီး ထိုင်းနိုင်ငံ ဘန်ကောက်ကို မိတ်ဆွေတစ်ဦးဆီ လူနာသတင်းမေး သွားခဲ့တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲထားပါတယ်။

အဲဒီခရီးစဉ် အသုံးစရိတ်ဟာ ကိုယ်ပိုင်ငွေထဲက သုံးခဲ့တာလား၊ နိုင်ငံတော်ဘဏ္ဍာထဲက သုံးခဲ့တာလားဆိုတာကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စကို စစ်ဆေးအရေးယူပေးဖို့ စစ်တပ်အရာရှိဟောင်း၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက်ဦးလှဆွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၇၇ နှစ်ပြည့်တော့မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရပြီး အာဏာသိမ်းကာလ တစ်နှစ်ကျော်အတွင်း စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုပေါင်း ၁၉ မှုနဲ့ ရင်ဆိုင်နေရာတာပါ။

လက်ရှိမှာ အမှု ခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ကျန်ရှိနေတဲ့ အမှု ၁၃ မှုအတွက် ဆက်လက် တရားရင်ဆိုင်နေရပါတယ်။