ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်ပို့တဲ့လုပ်ရပ် ကုလ၊ အမေရိကန်နဲ့ ဒီမိုကရေစီဘက်တော်သားတွေ ရှုတ်ချ

ခင်ခင်အိ (ဝါရှင်တန်ဒီစီ)
2022.06.26
Share on WhatsApp
Share on WhatsApp
ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်ပို့တဲ့လုပ်ရပ် ကုလ၊ အမေရိကန်နဲ့ ဒီမိုကရေစီဘက်တော်သားတွေ ရှုတ်ချ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို တရားခွင်မှာမြင်တွေ့ရစဉ် - ၂၄ မေ ၂ဝ၂၁။
စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန

လျှို့ဝှက်နေအိမ်တစ်လုံးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဇွန်လ ၂၂ ရက်နေ့မှာ နေပြည်တော် အချုပ်ထောင်ကို ပြောင်းရွှေ့လိုက်ပါတယ်။ အရင်က အနီးကပ်ပြုစုနေသူအားလုံးကို စစ်ကောင်စီက လိုက်ပါခွင့်မပေးတော့ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို တစ်ယောက်တည်း ထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။ သူ့ကို သီးသန့်ဝင်းတစ်ခုမှာထားပြီး ထောင်ဝန်ထမ်း အမျိုးသမီး သုံးယောက်က စောင့်ကြည့်နေသလို တရားရုံးလာတဲ့ ရှေ့နေတွေကိုလည်း လူပိုခေါ်လာတာ လက်မခံဘဲ လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အာဏာသိမ်းတဲ့နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အမှု ၁၉ မှုနဲ့ တရားစွဲခံနေရတာပါ။ လောလောဆယ် အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပါတယ်။ ကျန်တဲ့အမှု ၁၃ မှုကို ဆက်လက်ရင်ဆိုင်နေရင်း အကျယ်ချုပ် ဘဝကနေ အခု အချုပ်ထောင်ကို ပြောင်းရွှေခံ့ခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အချုပ်ထောင်ကို ပို့လိုက် တာနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဒါဟာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ သိက္ခာချ တမင်ချိုးနှိမ်တာလို့ ပြောပါတယ်။

“ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ တစ်ခါပြောဖူးတယ်။ အကျဉ်း ထောင်လက်စွဲဥပဒေအရ နိုင်ငံတစ်ဝန်းကနေ သတ်မှတ်တဲ့နေရာဟာ အကျဉ်းထောင် မှာထားတယ်လို့ ယူဆလို့ရတယ်ဆိုပြီး အဲ့လိုပြောပြီး ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ထားခဲ့တာပေါ့ဗျာ။ တစ်နေရာမှာထားခဲ့တာပေါ့။ သူတို့လုပ်ချင်လာရင် တစ်မျိုး ပြောတယ်။ မလုပ်ချင်ဘူးဆိုရင် တစ်မျိုးပြောတယ်။ အဲ့ဒါကြောင့်မို့လို့ ဥပဒေနဲ့အညီ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနဲ့လုပ်တယ်ဆိုတဲ့ဟာက သူတို့ရဲ့ ဆင်ခြေသာဖြစ်တယ်။ တကယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို သက်သောင့်သက်သာထားနိုင်တယ်။ အကျဉ်းထောင်ထဲက အခန်းကျဉ်းလေးထဲထည့်တာဟာ သူတို့စကားနဲ့သူတို့ မညီဘူး။ ကတိမတည်ဘူး။ တကယ်တမ်း သူတို့ကိုယ်တိုင်က ၂ဝဝ၈ အခြေခံဥပဒေကို ဖောက် ဖျက်ပြီးတော့ အာဏာယူထားတဲ့သူတွေ။ တခြားသူကျတော့ ဥပဒေနဲ့နေစေ ဆိုပြီးတော့ လုပ်လိုက်တာဟာဖြင့် တမင်သက်သက် နှိပ်စက်တဲ့သဘောပဲလို့ ကျနော် ယူဆတယ်။ နောက်တစ်ချက်ကဘာလဲဆိုရင် ဗိုလ်ချုပ်သမီးလေ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးလေ။ အဲ့လို မထားရဘူးလေ။ သူတို့လည်းပဲ ၂ဝဝ၈ မှာ ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့လူ အစွမ်းကုန် ရှိသမျှအာဏာ အကုန်ယူထားတာပဲ။ အဲ့ဒီလိုယူထားတဲ့အပြင်ကို မကျေနပ်ဘဲနဲ့ သမ္မတလုပ်ချင်တာကို ဒေါ်စုက မလိုက်လျောလို့၊ ခွင့်မပြုလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းချုပ်ပြီးတော့ အခုလုပ်တာကိုး။ ရှင်းရှင်းပြောရင်တော့ဗျာ သိက္ခာချချင်တယ်။ နှိပ်စက်ချင်တယ်ပေါ့။ ဒေါ်စုကို ပြုစုမယ့်သူတွေ လိုက်မသွားရဘူး။ ဒါကတော့ တမင်ချိုးနှိမ်တယ်လို့ ကျနော်ကတော့ ယူဆတယ်”

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကလည်း စစ်ကောင်စီဟာ အာဃာတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မတရား လုပ်ဆောင်တာဖြစ်ပြီး သူ့ကို နိုင်ငံရေးကနေ အပြီးဖယ်ကြဉ်ဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“စစ်ယူနီဖောင်းကြီးလည်း ဝတ်ထားတယ်။ ကျည်ကာကြီးလည်း ဝတ်ထားတယ်ပေါ့ဗျာ။ သေနတ်ကြီးလည်း ကိုင်ထားတယ်။ ပြီးတော့ သူတို့ကိုယ်သူတို့ ကြွေးကြော်တယ်ပေါ့။ သူတို့ရဲ့ institution က ဘယ်ကဲ့သို့ ဘယ်ချမ်းသာ၊ အဲ့လိုလူတွေက ဒေါ်အောင်ဆန်း စုကြည်ကို ဘယ်လောက်တောင် ရန်လိုလဲ၊ ဘယ်လောက်တောင် အာဃာတတွေရှိသလဲ ဆိုရင် အာဏာမလုခင် ရက်ပိုင်းမှာကိုက သမ္မတဖြစ်ဖို့အတွက်ကို သူက ဖိအားပေးနေ တာလေ။ သူက ဒါ ရရင်ရ၊ မရရင် ဒါ သိမ်းမှာလေ။ ဆိုတော့ အခုလည်း ဒါမရတဲ့ အတွက် ဒါ သိမ်းတာ။ သူတို့ရဲ့ အာဏာရူးမှုက တိုင်းပြည်လည်း ကျရှုံးနိုင်တာဖြစ်တယ် ပေါ့နော်။ ပြည်သူလူထုရဲ့ လူမှု၊ စီးပွား၊ ဘဝတွေလည်း ဖျက်ဆီးခံရတယ်။ အထူးသဖြင့် တော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ မင်းအောင်လှိုင်ထားတဲ့ ရန်လိုမုန်းတီးမှုက ဘယ်လောက်တောင်မှ ကြီးသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည် ရှိနေသမျှ ကာလ ပတ်လုံး သူတို့က နိုင်ငံရေးအရလည်း လူရာဝင်မှာမဟုတ်ဘူး။ သူတို့ နိုင်ငံရေးအရ လူရာဝင်ချင်တယ်။ တပ်ကနေ အနားယူတဲ့အခါမှာလည်း နိုင်ငံရေးနယ်ပယ်မှာ သူက သမ္မတ၊ ဒီလိုမျိုးလည်း သူက ဖြစ်ချင်တာကိုး။ မတန်မရာတွေ စဉ်းစားချက်ပေါ့နော်။ အဲ့ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီနိုင်ငံရေးနယ်ပယ်ထဲမှာ ရှိနေရင်တော့ သူက သမ္မတဖြစ်ဖို့မရှိဘူး။ အဲ့ဒီအတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးထဲကနေ အပြီးပေါ့ဗျာ သူတို့ အခု စွဲထားတဲ့အမှုတွေကြည့်လေ။ အားလုံးကို ထောင်ချမယ်ဆိုရင် နှစ်ရာနဲ့ချီသွားပြီလေ။ အဲ့ဒါ ပထမပိုင်းမှာ လျှို့ဝှက်နေရာ၊ ပြီးတော့ ဒုတိယနေရာပြောင်း တယ်။ ပြီးလည်းပြီးရော အခု အချုပ်ထောင်ပြောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်များ တစ်ခါတည်း လက်မြှောက် အရှုံးပေးပြီးတော့ဗျာ ကျမတော့ နိုင်ငံရေးကို နောက် ဘယ်တော့မှမလုပ်တော့ပါဘူးဗျာ။ နိုင်ငံရေးကနေ ဒေါ်အောင်ဆန်းစုကြည်ကို သူက ဖယ်ကြဉ်လိုက်တဲ့ ရည်ရွယ်ချက်ပါတယ်”

စစ်ကောင်စီကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သက်ဆိုင်ရာ တရားရုံးတွေက တရားစီရင်ပြီး ဖြစ်တာကြောင့် ပြစ်မှုဆိုင်ရာဥပဒေတွေအရ ထောင်ထဲကို ပြောင်းရွှေ့ လိုက်ပြီး ထောင်ထဲမှာ သီးခြား ကောင်းမွန်စွာ ထားရှိတယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။ တောင်သူလယ်သမား အကျိုးဆောင် နိုင်ငံရေးသုံးသပ်သူ ဦးဇော်ရမ်းက စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ တရားစီရင်တာသာဖြစ်ပြီး အကျိုး ဆက်ကိုလည်း တာဝန်ယူရလိမ့်မယ်လို့ ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ပြီးတော့ မတရားစီရင်တာဖြစ်တယ်။ လိုချင်တာ လုပ်လို့မရလို့ နိုင်ငံရေးအရ ရှင်းတာလေ။ ဒါပေမဲ့ ဘာပဲပြောပြော သူတို့ အကြောင်း ကြောင်းထောက်ပြီးတော့ အကျယ်ချုပ်ဆိုတော့ကာ လူထုကလေ အောင့်အီသည်း ညည်းခံနိုင်သေးတယ်။ အခုဟာကတော့ စစ်ကောင်စီကို ကျနော်တို့ ပြောချင်တာ ဘာလဲဆိုတော့ နောင်မှ နောင်တမရစေချင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့အထိ လူထုထောက်ခံမှု အပြည့်အဝရထားတဲ့ ခေါင်းဆောင်၊ အမျိုးသား ခေါင်းဆောင်။ လွတ်လပ်ရေးဗိသုကာကြီးနဲ့ တပ်မတော်ကို တည်ထောင်သူ၊ အာဇာနည်သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဆိုတာ သတိထားသင့်တယ်။ နောက်တစ်ခါ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်နဲ့ ပြည်သူကြားမှာလည်း အမုန်းခံပြီး ရင်ကြားစေ့ပြီးတော့ မြန်မာပြည်ကို တကယ်ကောင်းစားစေလိုတယ်။ တပ်မတော် ကိုလည်း တကယ်ကို ပြည်သူလူထုက ပြန်ပြီးတော့ ကြည်ဖြူစေချင်တဲ့ နိုင်ငံရေး ခေါင်းဆောင်၊ သူတို့အတွက်လည်း ကျေးဇူးရှိပါတယ်။ ဒါဟာ နိုင်ငံရေးကနေ ဘယ်တုန်းကမှ ဖယ်ရှားလို့ရမှာ မဟုတ်ဘူး။ နောက်ဆုံးပြောချင်တာကတော့ဗျာ သူ့အသက်အရွယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်စလက်ခတ် မလုပ်သင့်ဘူး။ လေအေးစက်မရှိ၊ ဘာမရှိ၊ သူယုံကြည်တဲ့ အိမ်ဖော်ပါ မရှိဘဲနဲ့ အခုလို ဆိုးဆိုးရွားရွား ပစ်စလက်ခတ် ဆက်ဆံလို့ တစ်ခုခုဖြစ်ရင်တော့ အကျိုးဆက်က လက်ရှိ အာဏာသိမ်း ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ ကျနော်ပြောချင်တယ်ခင်ဗျ”

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကလည်း ဖမ်းဆီးထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ စစ်ကောင်စီကို အကြိမ်ကြိမ်အခါခါ တိုက်တွန်းပြောဆိုတာတွေရှိခဲ့သလို လက်ရှိ မြန်မာပြည်ရဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ပေးဖို့ အာဆီယံကိုယ်စားလှယ်တွေ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွေကလည်း တောင်းဆိုထားကြတာပါ။ ဒီကြားထဲမှာ စစ်ကောင်စီက ဒေါ်အောင်ဆန်း စုကြည်ကို အချုပ်ထောင်ကို ပို့လိုက်တာဖြစ်ပါတယ်။

စစ်ကောင်ရဲ့ဒီလုပ်ရပ်ကို အမေရိကန်အစိုးရက ရှုတ်ချလိုက်ပြီး မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်ရောက်ရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အတိုင်ပင်ခံ Derek Chollet က ပြောဆိုပါတယ်။

အလားတူ ကုလသမဂ္ဂကလည်း အချုပ်ထောင်ကို ပို့ဆောင်ခံလိုက်ရတဲ့ ဒေါ်အောင်ဆန်း စုကြည်အတွက် စိုးရိမ်ပူပန်ကြောင်းနဲ့ နိုင်ငံရေးအရဖမ်းဆီးထားသူအားလုံးကိုလွှတ်ပေးဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကို စစ်ကောင်စီကဆန့်ကျင်ပြီး လုပ်ဆောင်တာဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ဇွန်လ ၂၃ ရက် ကြာသပတေးနေ့က ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။