လားရှိုးက စစ်သုံ့ပန်း မိသားစုဝင် နှစ်ရာကျော်ကို MNDAA ပြန်လွှတ်
2024.12.26

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့်တပ်မတော် (MNDAA) က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင် နှစ်ရာကျော်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့ကစလို့ အသုတ်လိုက် ခွဲလွှတ်ပေးနေတယ်လို့ လားရှိုးမြို့ခံတွေက ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ပြောပါတယ်။
ပြန်လွှတ်လိုက်တဲ့သူတွေကို စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မိုင်းရယ်မြို့နယ်အစပ်အထိ MNDAA တပ်ဖွဲ့ဝင်တွေက လိုက်လံပို့ဆောင်ပေးနေတာ တွေ့ရတယ်လို့ လားရှိုးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“နေ့တိုင်းလိုလိုပဲ သူတို့ စိစစ်ပြီး လွှတ်နေတယ်။ တစ်ရက်ကို လေးငါးဆယ်နှုန်းနဲ့ လွှတ်နေတာ အခုတော့ နှစ်ရာကျော်သွားပြီးဗျ။ စစ်တပ်ထိန်းချုပ်တဲ့ မိုင်းရယ် နယ်စပ်အထိ သွားပို့ပေးနေတာတွေ့တယ်”
ပြန်လွှတ်ပေးတဲ့သူတွေထဲ စစ်သုံ့ပန်းမိသားစုဝင်တွေသာ ပါဝင်ပြီး စစ်ကောင်စီတပ်သားတွေတော့ ပါဝင်တာ မတွေ့ရသေးဘူးလို့ MNDAA တပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
လားရှိုးမြို့မှာ ခိုးမှု၊ လုယက်မှုတွေနဲ့ ဖမ်းဆီးခံရသူတွေကိုလည်း ပြန်လွှတ်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ MNDAA ပြန်ကြားရေးတာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
၂၀၂၄ အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း စစ်သုံ့ပန်း မိသားစုဝင် ၃၁ ဦးကို MNDAA က ပြန်လွှတ်ပေးခဲ့ပြီး စစ်ကောင်စီ ထိန်းချုပ်နယ်မြေ မိုင်းရယ်မြို့အထိ ပို့ဆောင်ပေးခဲ့ပါတယ်။
MNDAA ဟာ သြဂုတ်လ ၃ ရက်နေ့မှာ လားရှိုးမြို့ကို သိမ်းယူခဲ့ပြီးနောက် အဲဒီလအတွင်းမှာပဲ တိုက်ပွဲအတွင်း ဖမ်းမိတဲ့ ဒဏ်ရာရ စစ်သုံ့ပန်းတချို့ အပါအဝင် စစ်သုံ့ပန်းမိသားစုဝင် သုံးထောင်နီးပါးကို ပြန်လွှတ်ပေးခဲ့တယ်လို့ MNDAA နဲ့ နီးစပ်သူတွေ ပြောပါတယ်။