စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းဘူတာရုံအနီး ဇန်နဝါရီလ ၁၈ ရက်နေ့ညက စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အသက် ခုနစ်နှစ်အရွယ် ကလေးတစ်ဦးသေဆုံးခဲ့တယ်လို့ ကလေးမြို့ခံတွေက RFA ကိုပြောပါတယ်။
သေဆုံးသူ မလွန်ရှန်ကျိမ်းဟာ ဖခင်ဖြစ်သူနဲ့အတူ သုံးဘီးဆိုင်ကယ် (ဆိုက်တွဲ) နဲ့ ဘူတာရုံကနေ သဇင်ရပ်ကွက်ကိုသွားလာစဥ် ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တာလို့ ကလေးမြို့ခံတစ်ဦးက ပြောါပတယ်။
“သူတို့သားအဖက ခုနစ်နာရီလောက်မှာ သဇင်ရပ်ကွက်ဘက်ကို သွားကြတာ။ ဘူတာရုံနားမှာ အပစ်ခံရတာပဲ။ အဲဒီနားလေးမှာ စစ်တပ်ကင်းတဲ ရှိတယ်လေ။ အဲဒီကနေ လှမ်းပစ်တယ်။ အဖေဖြစ်သူကတော့ ဘာမှမဖြစ်သွားဘူး။ ကောင်မလေးကတော့ ဆုံးသွားတယ်။ ရင်ဘတ်ကို ကျည်ဆန် ဖောက်သွားတာလေ။ အဲဒီနားလေးမှာ နီးတဲ့ဆေးရုံကိုသွားပြတာ လက်မခံတော့ စစ်တပ်ကုတင် ၁၀၀ ကိုသွားပြရတယ်။ အဲဒီလည်းရောက်ရော ကလေးကလည်း ဆုံးသွားတာပဲ”
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း ကလေးမြို့ ပြည်သူ့ဆေးရုံအနီး စျေးလာဝယ်တဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က စစ်ဆေးရာမှာ ဆိုင်ကယ် မရပ်ပေးလို့ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ကလေးမြို့ခံတွေကပြောပါတယ်။
ဇန်နဝါရီလ ၁၃ ရက်နေ့ကတော့ ကလေးမြို့မြောက်ပိုင်း ကြိုးကြာကွင်းရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၄၃၈၅ ဦးအထိရှိလာပါပြီ။