စစ်ကောင်စီကို ပံ့ပိုးမှုရပ်တန့်ဖို့ အိန္ဒိယအစိုးရကို India For Myanmar အဖွဲ့ တောင်းဆို
2024.08.06
[Update: 12: 35 PM, Aug 6, 2024]
မြန်မာစစ်တပ်ကို လက်နက်ရောင်းချပေးနေတာတွေ အပါအဝင် စစ်ကောင်စီကို ပံ့ပိုးကူညီပေးနေတာတွေ ရပ်တန့်ဖို့ဆိုပြီး အိန္ဒိယအစိုးရကို အိန္ဒိယ-မြန်မာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ India For Myanmar က ဩဂုတ်လ ၅ ရက်နေ့မှာ အန္ဒိယအစိုးရကို စာပေးပို့ တောင်းဆိုပါတယ်။
အိန္ဒိယအစိုးရအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ချက်ချင်းရပ်တန့်ပြီး အစာအငတ်ခံဆန္ဒပြနေကြတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို လွှတ်ပေးဖို့အတွက် India For Myanmar က တောင်းဆိုပါတယ်။
ဒီ့အပြင် အာဏာသိမ်း စစ်ကောင်စီကို တရားဝင်အစိုးရတစ်ရပ်အနေနဲ့ ဆက်ဆံနေတာကိုလည်း ရပ်တန့်သင့် တယ်လို့လည်း ဆိုပါတယ်။
မြန်မာစစ်တပ်ထံ လက်နက်ရောင်းချပေးနေတာကိုရပ်ဆိုင်းတာ အပါအဝင် စစ်ကောင်စီရဲ့ စီးပွားရေး လုပ်ငန်းတွေကို ပိတ်ဆို့သင့်တယ်လို့လည်း ပေးပို့စာမှာ ရေးသားထားပါတယ်။ မြန်မာကျပ်ငွေနဲ့ အိန္ဒိယငွေ ရူပီးအသုံးပြုပြီး တိုက်ရိုက်ကုန်သွယ်မှုကိုလည်း ရပ်ဆိုင်းသင့်တယ်လို့ India For Myanmar က ပြောပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ ဦးဆောင်တဲ့ လက်ရှိအစိုးရရဲ့ မူဝါဒပိုင်းကိုလည်း ပြန်လည် စဉ်းစားသုံးသပ် ဖို့ကိုလည်း India For Myanmar က တိုက်ထွန်းထားပါတယ်။
မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ဒီမိုကရေစီစံချိန်စံနှုန်းတွေကို ဆန့်ကျင်ပြီး ကိုယ်ကျိုးစီးပွားအတွက် အိမ်နီးချင်းနိုင်ငံရဲ့ အခက်အခဲတွေကို မျက်ကွယ်ပြုတဲ့ လက်ရှိ အိန္ဒိယအစိုးရရဲ့ မူဝါဒတွေဟာ အနာဂတ် အိန္ဒိယ-မြန်မာဆက်ဆံရေး ကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာပြည်သူတွေအပေါ် တိုက်ရိုက် ဒါမဟုတ် သွယ်ဝိုက်တဲ့ နည်းလမ်းတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ India For Myanmar က တောင်းဆိုထားပါတယ်။
(မှတ်ချက် - ဤသတင်းတွင် အဖွဲ့အစည်းအမည် မှားယွင်းဖော်ပြထားသည်ကို ပြန်လည် ပြင်ဆင်ထားပါသည်။)