စစ်ကောင်စီတပ်ကို စွန့်ခွာပြီး လက်နက်ချမယ်ဆိုရင် ဆုကြေးငွေ အနည်းဆုံး ဆယ်သိန်းကစပြီး ပေးသွားမယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က ဇူလိုင်လ ၁၂ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
လက်နက်ချပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာသူတွေကို လူသားချင်းစာနာထောက်ထားတဲ့ ဆက်ဆံရေးတွေနဲ့ အသက်အန္တရာယ်ကို အာမခံချက် အပြည့်အဝပေးမယ်လို့လည်း ဆိုပါတယ်။
တပ်သားအဆင့် အလင်းဝင်မယ်ဆိုရင် ဆုကြေးငွေ ကျပ် ဆယ်သိန်း၊ ဒုဗိုလ်နဲ့ ဗိုလ်ကြီးအဆင့်တွေဆိုရင် ကျပ်သိန်း ၂၀၊ ဗိုလ်မှူးကနေ ဗိုလ်မှူးကြီးအဆင့်ဆိုရင် သိန်း ၃၀ ပေးသွားမှာဖြစ်ပြီး လက်နက်ပါမယ်ဆိုရင် ငါးသိန်း ထပ်တိုးပေးမယ်လို့ MNDAA က ကြေညာထားပါတယ်။
ဒါ့အပြင် ကိုယ်တိုင်လက်နက်ချတဲ့အပြင် လက်ရှိတာဝန်ထမ်းဆောင်သူတွေကိုလည်း လက်နက်ချအောင် စည်းရုံးပေးပြီး အဲဒီကတဆင့် နောက်ထပ် လက်နက်ချလာသူတွေရှိရင် စည်းရုံးပေးသူကို ဆုကြေးငွေထပ်ပေးမယ်လို့လည်း ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
MNDAA ရှေ့တန်းစစ်မြေပြင်မှာ စစ်ကောင်စီတပ်သားတွေ လက်နက်ချ အလင်းဝင်သူတွေရှိသလို သူတို့ကို လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေနဲ့ အသက်အန္တရာယ်ကို အာမခံချက်ပေးထားတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်ခဲ့တဲ့ ၁ဝ၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ MNDAA က ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ခုနစ်မြို့ကို သိမ်းပိုက်ထားပြီး အဲဒီကာလအတွင်း စစ်ကောင်စီဘက်က MNDAA ထံ လက်နက်ချသူ ထောင်နဲ့ချီ ရှိခဲ့ပါတယ်။
MNDAA တပ်တွေဟာ တစ်ကျော့ပြန်စတဲ့ ၁ဝ၂၇ စစ်ဆင်ရေးမှာတော့ လားရှိုးမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ လားရှိုးမြို့ ရောက်နေတဲ့ MNDAA တပ်ဖွဲ့ဝင်တွေကို အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တဲ့လုပ်ရပ်တွေ မကျူးလွန်ဖို့လည်း MNDAA က သတိပေးထားပါတယ်။