ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ ရုံးဌာနတွေ မူလကုမ္ပဏီတွေကို ပြန်ပြင်ခိုင်းမည်

RFA Burmese
2025.04.30
ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ ရုံးဌာနတွေ မူလကုမ္ပဏီတွေကို ပြန်ပြင်ခိုင်းမည် နေပြည်တော်တွင် ငလျင်ကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာအဆောက်အဦတစ်ခုကို ၂၀၂၅ ဧပြီလ ၃ ရက်နေ့ကတွေ့ရစဉ်။
RFA

နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ မကွေးနဲ့ ရှမ်းပြည်နယ်စတဲ့ ဒေသတွေမှာ ငလျင်ကြောင့် ပျက်စီးခဲ့ရတဲ့ အစိုးရရုံး၊ ဌာနအဆောက်အဦတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် မူလဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေကို တာဝန်ပေးသွားမယ်လို့ စစ်ကောင်စီက ပြောလိုက်ပါတယ်။

အဆောက်အဦးတွေ ပြန်လည်ပြုပြင်အသုံးပြုရေးနဲ့ အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာ လက်ရှိတည်ဆောက်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေနဲ့ အင်ဂျင်နီယာအသင်းသုံးသင်းက ထောက်ခံပေးထားတဲ့ ကုမ္ပဏီတွေကိုပါ တာဝန်ပေးသွားမယ်လို့ဆိုပါတယ်။

နေပြည်တော်တည်ဆောက်ရေးမှာပါဝင်ခဲ့ကြတဲ့ ကုမ္ပဏီတွေကိုလည်း နေပြည်တော်စည်ပင် သာယာရေး ကော်မတီကို ဆက်သွယ်ကြဖို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ အခုရက်ပိုင်းအတွင်း ဆက်တိုက်ကြေညာနေတာကိုတွေ့ရပါတယ်။

နေပြည်တော်မှာ လွှတ်တော်၊ အစိုးရရုံးတွေအပါအဝင် အဆောက်အဦတည်ဆောက်ခွင့်တွေကို ထူး၊ အေဒင်၊ အေးရှားဝေါလ်၊ မက်စ်မြန်မာ၊ IGE၊ ACE ကုမ္ပဏီကြီးတွေက ဆောက်လုပ်ခွင့် ရခဲ့ကြတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အချက်အလက်တွေအရ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဧပြီလ ၂၉ ရက်နေ့အထိ သေဆုံးသူ ၃၇၉၈ ဦး၊ ထိခိုင်ဒဏ်ရာရသူ ၅၁၀၆ ဦးနဲ့ ပျောက်ဆုံးနေသူ ၁၀၆ ဦးရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။