စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ဝိုင်းဝန်းကြိုးပမ်းဖို့ ကချင်အရပ်ဘက်အဖွဲ့ တောင်းဆို

RFA Burmese
2025.01.10
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ဝိုင်းဝန်းကြိုးပမ်းဖို့ ကချင်အရပ်ဘက်အဖွဲ့ တောင်းဆို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို တွေ့ရစဥ်။ (ယခင်ပုံဟောင်း)
Photo: RFA

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်ဖို့နဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံးအမြစ်ဖြတ်ဖို့ ပြည်သူလူထုက ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဇန်နဝါရီ ၁၀ ရက် ဒီနေ့ကျရောက်တဲ့ ၇၇ နှစ်မြောက် ကချင်ပြည်နယ်နေ့မှာ Kachin National Forum – KNF အဖွဲ့က ထုတ်ပြန်တောင်းဆိုပါတယ်။

နှစ်ပေါင်း ရှစ်ဆယ်နီးပါး ကြာမြင့်လာတဲ့အထိ ကချင်လူထုဟာ အဘက်ဘက်ကနေ ဖိနှိပ်အုပ်ချုပ်ခံနေရဆဲပဲလို့ KNF က ပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်နိုင်ငံ ထူထောင်ဖို့၊ တိုင်းပြည်ငြိမ်းချမ်းရေး ရဖို့အတွက် နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံ့ဆွေးနွေး ညှိနှိုင်းအဖြေရှာကြဖို့ဆိုပြီး ကချင်ပြည်နယ်နေ့ အခမ်းအနားကိုပေးပို့တဲ့ သဝဏ်လွှာထဲမှာ ထည့်သွင်းပြောဆိုပါတယ်။

နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အရေးကြီးပေမဲ့ စစ်ကောင်စီနဲ့ နိုင်ငံရေး ဆွေးနွေးတာက အကျိုးမထူးနိုင်ဘူးလို့ KNF ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီတပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အချိန်မဟုတ်တော့ပါဘူး။ နိုင်ငံရေးကို ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းဖို့တော့ အရေးကြီးတယ်။ ဒါပေမဲ့ စစ်ကောင်စီလုပ်တဲ့ နိုင်ငံရေးကို အသိအမှတ်ပြုဖို့ မဖြစ်နိုင်ဘူး။ စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးတာက ဘာမှအကျိုးမရှိဘူးလို့ မြင်ပါတယ်”

Kachin National Forum (KNF) မှာ ကချင်လူမှုအဖွဲ့အစည်း နှစ်ဆယ်ပါဝင်ပြီး ကွန်ရက်အဖြစ် ချိတ်ဆက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်နေ့ကို အရင်က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာရှိတဲ့ မနာင်ကွင်းကြီးမှာ ကျင်းပပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအကြီးအကဲတွေ တက်ရောက်ခဲ့တာရှိပေမဲ့ အာဏာသိမ်းပြီးနောက် ပြည်နယ်အစိုးရရုံးမှာသာ အကျဥ်းချုံး ကျင်းပတော့တာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ စစ်ကောင်စီက မြစ်ကြီးနားမြို့ပေါ်မှာ အားကစား ပြေးပွဲပြိုင်ပွဲတွေ ထည့်သွင်းကျင်းပတာလည်း တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။