ဇူလိုင် ၆ ရက်နေ့အထိ ချင်းတွင်းနဲ့ ဧရာဝတီမြစ်ရေ ထပ်တိုးနိုင်ကြောင်း လေ့လာသူပြော
2024.07.04
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ နောက်သုံးရက်အတွင်း (ဇူလိုင် ၆ ရက်နေ့အထိ) မိုးများနိုင်တာကြောင့် ချင်းတွင်းနဲ့ ဧရာဝတီမြစ်ရေ ထပ်တိုးနိုင်တယ်လို့ အရပ်ဘက် မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ပြောပါတယ်။
နောက်သုံးရက်အတွင်း မိုးတွေ ထပ်ရွာဖို့ ရှိသေးတယ်လို့ ဦးဝင်းနိုင် က RFA ကို ပြောပါတယ်။
“ထပ်ပြီးတော့ လာဦးမယ့် အနေအထားက နောက်သုံးရက်အတွင်းမှာ မီလီမီတာ ၁၀၀ ကျော်လောက် တစ်ရက်ကို ပျှမ်းမျှ မီလီမီတာ ၃၀ ကျော်နဲ့ ကချင်ပြည်နယ်မှာရော စစ်ကိုင်းတိုင်း အထက်ပိုင်းမှာရော ထပ်ပြီးတော့ ရွာဖို့ရှိသေးတယ်၊ အဲတော့ ချင်းတွင်းမြစ်ရေရော၊ ဧရာဝတီမြစ်ရေရော ဆက်ပြီးတော့ တိုးဖို့ အနေအထားတွေရှိတယ်"
၂၄ နာရီအတွင်းမှာ ၃ဝ မီလီမီတာအထက်ရွာရင် မိုးများတယ်လို့ သတ်မှတ်တာဖြစ်ပြီး ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တစ်ရက်ကို မီလီမီတာ ၃၀၀ ကနေ ၄၀၀ ကြား ရွာသွန်းမြဲထက် အများကြီး ပိုရွာခဲ့တာကြောင့် မေခနဲ့ မလိခမြစ်ရေကြီးခဲ့တာလို့လည်း ဦးဝင်းနိုင် က ပြောပါတယ်။
ဒါ့အပြင် ရေစီးကြမ်းတဲ့ တောင်ကျရေတွေနဲ့အတူ တောင်ယာခုတ်ထားတဲ့ သစ်ပင် ပင်စည်တွေ သစ်တို သစ်စတွေက ရေစီးနဲ့အတူ မျောပါခဲ့တာကြောင့် ကချင်ပြည်နယ်မှာ နေအိမ်တွေ ရာနဲ့ချီပျက်စီးခဲ့ရတာလို့လည်း ပြောပါတယ်။
စစ်ကောင်စီ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဇူလိုင်လ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေဟာ ဗန်းမော်၊ ရွှေကူ၊ ကသာနဲ့ ချင်းတွင်းမြစ်ရေဟာ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်တို့မှာ စိုးရိမ်ရေမှတ်အထက်မှာ ရှိနေဆဲ ဖြစ်ပါတယ်။