တော်လှန်ရေးတာဝန်တွေ ပြီးမြောက်တဲ့အထိ ထမ်းဆောင်ဖို့ KIO ဥက္ကဌပြော
2018.08.10

မပြီးဆုံးသေးတဲ့ တော်လှန်ရေးတာဝန်တွေကို ပြီးမြောက်အောင်မြင်တဲ့အထိ စည်းစည်းလုံးလုံးနဲ့ ဆက်လက် ထမ်းဆောင်ကြဖို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လက ဒီနေ့ ကျရောက်တဲ့ ၄၃ နှစ်မြောက် ကချင်အာဇာနည်နေ့ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ ဒီနေ့ ကျင်းပတဲ့ ကချင်အာဇာနည်နေ့ အခမ်းအနားမှာ KIO ဥက္ကဌက ထည့်သွင်းပြောကြားသွားတာလို့ KIA ပြန်ကြားရေးတာဝန်ခံ ဒုတိယ ဗိုလ်မှုးကြီး နော်ဘူ က RFA ကို ပြောပါတယ်။
"မပြီးဆုံးသေးတဲ့ ကျနော်တို့ရဲ့ တော်လှန်ရေးတာဝန်တွေကိုလည်း ပြီးမြောက်အောင်မြင်သည်အထိ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ကျနော်တို့အားလုံး ထမ်းဆောင်ရမယ့်အကြောင်းတွေကို ပြော ပါတယ်"
ကချင်လူမျိုးတွေရဲ့ တော်လှန်ရေးခရီးတလျှောက်မှာ ကျဆုံးခဲ့တဲ့ ခေါင်းဆောင်တွေ၊ ရဲဘော်ရဲဘက်တွေ ကို အောက်မေ့ဂုဏ်ပြုတဲ့နေ့ ဖြစ်သလို KIO အဖွဲ့ရဲ့ ပထမဆုံး ခေါင်းဆောင်ဖြစ်တဲ့ G.O.C Lahtaw Zau Seng ဂျီအိုစီ လထော်ဇော်ဆိုင်း ကျဆုံးခဲ့တဲ့ ၁၉၇၅ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ကို အာဇာနည်နေ့ အဖြစ် သတ်မှတ်ခဲ့တာလို့ ပြောပါတယ်။
KIO အဖွဲ့ဟာ NCA စာချုပ် လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ် သလို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ FPNCC မှာ UWSA "ဝ" နဲ့ အတူ ခေါင်းဆောင် တာဝန်ကို ရယူထားတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
လက်ရှိ NLD အစိုးရ လက်ထက်မှာ ကျင်းပတဲ့ ၂၁ ရာစုပင်လုံညီလာခံကို သုံးကြိမ်တိတိ ဖိတ်ကြားခံရ တဲ့ လေ့လာသူအဖြစ် တက်ရောက်ခဲ့တဲ့အဖွဲ့လည်းဖြစ်ပါတယ်။
ဒီသြဂုတ်လ ၅ ရက်နေ့ က တရုတ်နိုင်ငံရဲ့ တိုက်တွန်းမှုကြောင့် တပ်မတော်ဘက်က ဗိုလ်ချုပ်ထွန်းထွန်းနောင်နဲ့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လတို့ တရုတ်နိုင်ငံ တာလီမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ တပ်မတော်ဘက်က သူတို့ ပြောချင်တဲ့ အကြောင်းအရာတွေကိုသာ ပြောကြားခဲ့ပြီး KIA ဘက်က ပြင်ဆင်သွားတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခွင့်မရခဲ့ဘူးလို့ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။
ဒါကြောင့် အဲဒီဆွေးနွေးပွဲဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အတွက်တော့ မအောင်မြင်တဲ့ ဆွေးနွေးပွဲ သဘောမျိုးဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။