ကိုရိုနာအန္တရာယ်ကြောင့် ကချင်စစ်ဘေးဒုက္ခသည်တွေ ရိက္ခာပိုလိုအပ်
2020.04.07
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားနေချိန်အတွင်းမှာ ကချင်ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးဖို့ စခန်းတာဝန်ခံတွေက တောင်းဆိုနေကြပါတယ်။
စစ်ဘေးဒုက္ခသည်တွေဟာ စာဝတ်နေရေးအတွက် စခန်းအပြင်ထွက်ပြီး အလုပ်လုပ်နေရတာကြောင့် အပြင်က ရောဂါပိုးတွေ ပါလာပြီး စခန်းကလူတွေကိုပါ ကူးစက်လာမှာကို စိုးရိမ်နေကြပါတယ်။ စခန်းကလူတွေ အပြင်မထွက်ရအောင် စာနပ်ရိက္ခာ ထောက်ပံ့ ပေးစေချင်တယ်လို့ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင့် RC စစ်ရှောင်စခန်းတာဝန်ခံ ဒေါ်ရွယ်ဂျား ကပြောပါတယ်။
ဝိုင်းမော်မြို့နယ် မိုင်နား KBC စစ်ရှောင်စခန်းက စစ်ပြေးဒုက္ခသည်တွေလည်း စားဝတ်နေရေးအတွက် တစ်ရက်ကို အယောက်နှစ်ရာခန့် စခန်းအပြင်ဝင်ထွက်သွားလာနေတဲ့အတွက် ရောဂါပိုးပါလာမှာကို စိုးရိမ်နေရတယ်လို့ စခန်းဒုတာဝန်ခံ ဦးဘရန်မိုင် ကပြောပါတယ်။
စခန်းမှာ လူဦးရေနှစ်ထောင်လောက်ရှိနေတဲ့အတွက် လက်ဆေးရည်နဲ့ နှာခေါင်းစည်းတွေ လှူဒါန်းတာတွေ ရှိပေမယ့် လုံလောက်မှု မရှိသေးဘူးလို့လည်း ဦးဘရန်မိုင် ကပြောပါတယ်။
မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်က စစ်ရှောင်စခန်းမှာလည်း ရောဂါကြောင့် အလုပ်တွေနားထားရတဲ့အတွက် စာနပ်ရိက္ခာတွေထောက်ပံ့ပေးဖို့ စခန်းဒုတာဝန်ခံ ဒေါ်ဒေါင်ဇေးက ပြောပါတယ်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်းကတော့ စစ်ဘေးဒုက္ခသည်တွေကို စာနပ်ရိက္ခာအတွက် ဆန်လှူဒါန်းတာတွေရှိတယ်လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လက တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်စခန်းပေါင်း တစ်ရာလောက်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းလောက်ရှိနေတာပါ။
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေလောလောဆယ်ဖြစ်မနေဘူးဆိုပေမဲ့လည်း စစ်ပြေးဒုက္ခသည်တွေတော့ အခုအချိန်ထိနေရပ်ကို မပြန်နိုင်ကြသေးပါဘူး။