ကချင်ပြည်နယ်၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်ထဲက IDP စစ်ဘေးဒုက္ခသည်စခန်းပေါင်း ၃၀ ကျော်မှာ Covid 19 ကူးစက်ခံနေရပါတယ်။
ဝိုင်းမော်မြို့မှာဆို လတ်တလော တိုက်ပွဲတွေလည်း ဖြစ်နေတာမို့ ဒုက္ခသည်တွေကို ကူညီပေးဖို့အတွက် အခက်အခဲတွေ ကြုံနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။
IDP စစ်ဘေးဒုက္ခသည်စခန်းတွေက ကိုဗစ်ပိုးတွေ့လူနာတွေကို သီးသန့်ထားနိုင်အောင် စီစဉ်နေပေမယ့် ဆေးဝါး၊ သွားလာရေးနဲ့ ငွေကြေးရန်ပုံငွေ စတဲ့ အခက်ခဲတွေရှိနေတယ်လို့ ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC လူမှုဝန်ထမ်းနဲ့ ဖွံ့ဖြိုးရေးဌာန တာဝန်ခံ ဦးခါးလီက RFA ကို ပြောပါတယ်။
“လောလောဆယ် အခက်အခဲတွေက မျိုးစုံရှိတယ်။ ဆေးဝါးကိစ္စ၊ သွားလာရေးကိစ္စ၊ ငွေရေးကြေးရေးတွေ ကအစ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် မထောက်ပံ့နိုင်ဘူး။ အရင်ကနဲ့ မတူတဲ့ အခြေအနေဆိုတော့ အခက်အခဲတွေ ရှိနေတယ်။ မိုးတွင်းကာလလည်း ဖြစ်နေတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၊ ရာသီဥတု အခြေအနေကလည်း ပူတဲ့အချိန်အရမ်းပူ၊ မိုးရွာတဲ့အခါ အရမ်းရွာတာမျိုး ဖြစ်နေတယ်။ သူတို့ ထပ်ပြီးတော့ ကူးစက်မှုမရှိအောင် အနည်းဆုံးတော့ ဆေးတွေ၊ နှာခေါင်းစည်းတွေ ပို့ပေးနေတယ်။ ပိုးတွေ့လူနာတွေ သပ်သပ်နေလို့ရအောင်၊ အဆောင်တွေ လုပ်လို့ရအောင် စတင် ဆောင်ရွက်နေတယ်။ လက်လှမ်းမမှီနိုင်တဲ့ စခန်းတွေမှာတော့ ဖြစ်တာနည်းတယ်လို့ ကြားတယ်။ တစ်ယောက်စ၊ နှစ်ယောက်စပဲ ဖြစ်တယ်လို့ကြားတယ်။ ဒါပေမဲ့ ဝိုင်းမော်နဲ့ မြစ်ကြီးနား ကတော့ အခုလောလောဆယ် အခြေအနေက အဆိုးဆုံးလို့ ပြောလို့ရပါတယ်"
ဆေးစစ်နိုင်ဖို့ကလည်း အခက်အခဲရှိတာမို့ အဲဒီ IDP စခန်းတွေမှာ Covid 19 ကူးစက်ခံရသူ အရေအတွက် ဘယ်လောက်များများ ရှိနေလဲဆိုတာကို အတိအကျ မသိရပါဘူး။

မြစ်ကြီးနားမြို့မှာ စစ်ဘေးဒုက္ခသည်စခန်းပေါင်း ၂၀ ကျော်နဲ့ ဝိုင်းမော်မြို့နယ်ထဲမှာ စခန်းပေါင်း ၁၀ ခုကျော် ရှိပြီး အဲဒီထဲက စခန်းတစ်ခုစီမှာ ကိုဗစ်ကူးစက်ခံရသူ အနည်းဆုံး ၁၀ ယောက် လောက်ရှိတယ်လို့ ဦးခါလီက ခန့်မှန်းပြောဆိုပါတယ်။
ကိုဗစ်ကြောင့် မြစ်ကြီးနား ဒုက္ခသည်စခန်းက တစ်ယောက်၊ ဝိုင်းမော်ဒုက္ခသည်စခန်းတွေက လေးယောက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သေဆုံးသွားတယ်လို့ အကူအညီပေးနေသူတွေ ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။
မြစ်ကြီးနားမြို့ ဝိုင်းမော်နဲ့ ဗန်းမော်မြို့တွေက IDP စခန်းတွေမှာ ပိုးတွေ့လူနာတွေ များနေတာကြောင့် ခရစ်ယာန်အသင်းတော်က စေတနာ့ဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်ပေးနေသလို လိုအပ်တဲ့ အစားစာတွေကိုလည်း လူမှုအဖွဲ့တွေက ပံ့ပိုးပေးနေတယ်လို့ ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ် က ပြောပါတယ်။
မြစ်ကြီးနားမြို့ ပလန ရပ်ကွက်မှာရှိတဲ့ စိန့်ဂျိုးဇက် စစ်ဘေးဒုက္ခသည်စခန်းက သံသယလူနာ ၃၂ ယောက်မှာ ပိုးတွေ့လူနာ သုံးယောက်၊ ဂျန်မိုင်ကောင်း စိန့်ပေါလ် ကက်သလစ်စခန်းက သံသယလူနာ အယောက် ၆၀ မှာ ပိုးတွေ့သူ အယောက် ၄၀ တို့ကို ဩဂုတ် ၆ ရက် မနေ့က တွေ့ရှိခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ St.Luke Response Team ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
"ကူညီရေးပစ္စည်းတွေက ရှိပေမယ့် မလုံလောက်ဘူး"
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန် က ကချင်ပြည်နယ်ထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် တစ်ကျော့ပြန်စစ်ပွဲတွေ ပြန်ဖြစ်လာတဲ့အပြင် IDP စခန်းတွေမှာ Covid 19 ကပ်ရောဂါပါ ကူးစက်ခံနေရတာကြောင့် အခက်အခဲတွေက အတော်ဆိုးတယ်လို့ ပြောပါတယ်။
"ကူညီရေးပစ္စည်းတွေက ရှိပေမယ့် မလုံလောက်ဘူး။ တရုတ်ဘက်ကနေ ကူညီဖို့တွေ ရှိတယ်။ အဲဒီ ပစ္စည်းတွေ ရောက်ရင်တော့ ဝေးလံတဲ့ လိုအပ်တဲ့နေရာတွေကို ဖြန့်ဖြူးပေးဖို့ ရှိတယ်။ လက်လှမ်းမီတဲ့ နေရာတွေကတော့ နည်းနည်း အဆင်ပြေတယ်။ ဝေးလံတဲ့နေရာတွေ ဥပမာ ဧရာဝတီမြစ်ဆုံ အထက်ဘက် KIA လည်းမရောက်နိုင်၊ အစိုးရလည်း မရောက်နိုင်တဲ့ နေရာတွေမျိုးမှာတော့ ပိုပြီး အခက်အခဲတွေ ရှိတယ်။ စစ်ရှောင်တွေ ပြန်ဖို့လုပ်တဲ့အချိန်မှာ အာဏာသိမ်းမှုဖြစ်လာ၊ ကိုဗစ်ကလည်းပြန်ပေါ်လာတော့ ပိုဆိုးသွားရော။ အဲမှာ တိုက်ပွဲတွေကလည်း တစ်ကျော့ပြန်ဖြစ်လာတော့ ဥပမာ ရှမ်းမြောက်မှာ KBC ရဲ့ အသင်းတော်တွေ အခု ကျေးရွာ ၁၀ ခုလောက်ကတော့ တရုတ်နယ်စပ်ဘက်မှာ ပြန်ထွက်ပြေးနေရတယ်။ အဲမှာ အစားအသောက် ခက်ခဲ၊ ထိုနည်းတူ ဝိုင်းမော်တို့ မြို့တွင်းထဲမှာတောင်မှ လက်နက်ကြီးတွေကြောင့် ညမအိပ်ရဲ၊ နေ့စစ်ပြေးလိုမျိုး ဖြစ်နေတယ်။ အခုကိုဗစ်ကလည်း တစ်ခါပြန်ပြီးမှ တော်တော် ပြင်းထန် နေတယ်ဆိုတော့ ဒီအပေါ်မှာ ပြောဖို့စကားတောင် မရှိတော့ဘူး"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တုန်းက ဖွဲ့စည်းထားတဲ့ ကချင်အတိုင်ပင်ခံအဖွဲ့ကနေ ဦးစီးပြီး ဝေးလံခေါင်ဖျား၊ လမ်းလှမ်းမမှီတဲ့နေရာတွေက ဒုက္ခသည် စခန်းတွေကို ဘယ်လိုကူညီရမလဲဆိုတာ တိုင်ပင်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။
ဝိုင်းမော်မြို့၊ မိုင်းနား IDP စခန်းမှာ ပြီးခဲ့တဲ့အပတ်က ပိုးကူးစက်ခံရသူ ၁၆ ယောက်ရှိပြီး တစ်ယောက်နဲ့ တစ်ယောက် ခပ်ကွာကွာနေဖို့ဆိုတာကလည်း နေရာအခက်အခဲရှိတာမို့ စိုးရိမ်နေရတယ်လို့ စစ်ဘေးဒုက္ခသည် စခန်းတွေကို ကူညီပေးနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ယောက်က ပြောပါတယ်။
"ကျန်တဲ့ တခြား စခန်းတွေမှာလည်း အနည်းနဲ့အများတော့ ရှိတယ်။ စခန်းတစ်ခုမှာဆိုရင် အိမ်ထောင် ၅၃၀ ရှိတယ်။ အိမ်ထောင် တစ်ခုနဲ့တစ်ခုက အိမ်ခန်းဆိုရင် ဆယ်ပေ၊ ပေနှစ်ဆယ် ပတ်လည်လောက်ပဲ ရှိတယ်ဆိုတော့ ကူးစက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်တဲ့အခြေအနေတော့ ရှိတယ်။ စခန်းမှာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က Lock down ချထားတဲ့အတွက် သူတို့ရဲ့အထဲမှာ စားဝတ်နေရေး အခက်အခဲတွေ ရှိတယ်။ ဒါပေမဲ့ စခန်းရဲ့တာဝန်ခံတွေက အသင်းတော်တွေဆီမှာ၊ တာဝန်ရှိ ပုဂ္ဂိုလ်တွေဆီမှာ အကူအညီ တောင်းပြီး သူတို့ရဲ့အခက်အခဲကို သူတို့ ပြန်ဖြေရှင်းနေရတဲ့ အခြေအနေတော့ရှိတယ်"
ကချင်ပြည်နယ်ထဲမှာ စစ်ဘေးဒုက္ခသည် IDP စခန်း စုစုပေါင်း ၇၀ ကျော်ရှိပြီး စစ်ဘေးဒုက္ခသည်ဦးရေက တစ်သိန်းကျော် ရှိပါတယ်။
IDP စခန်းတွေမှာ အခုလို ကိုဗစ်ကူးစက်ခံရတာတွေရှိတာကြောင့် ဒုက္ခသည်တွေဟာ ကိုဗစ်ကိုကြောက်ပြီး နေရပ်ကိုပြန်သွားလိုက်၊ စစ်ရေးမတည်ငြိမ်တာတွေကြောင့် ကိုဗစ်ကိုမေ့ပြီး စခန်းကိုပြန်လာလိုက်ရနဲ့ အတည်တကျမရှိတဲ့ ဘဝတွေကို ဖြတ်သန်းနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။
