ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကာလိုင်ရွာဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးကို ကိုးကန့်တပ်ဖွဲ့ (MNDAA) ဖမ်းဆီးရိုက်နှက်ခဲ့တာကြောင့် ဒုက္ခသည် စခန်းအနီးက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံး ဖယ်ရှားပေးဖို့ ဒေသခံတွေက ဩဂုတ်လ ၂၀ ရက်နေ့မှာ ထပ်မံတောင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့က တော်လုံရွာက အသက် ၃၃ နှစ်အရွယ် ဦးဇော်ဘောက်နဲ့ ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် ဦးဇောက်ရိမ်းတို့ကို MNDAA က ဖမ်းဆီးရိုက်နှက်ခဲ့တာကြောင့် အခုလို ဖယ်ရှားပေးဖို့ ထပ်မံတောင်းဆိုခဲ့တာလို့ ဒုက္ခသည် စခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။
လူဦးရေ ၁၂၀၀ ကျော်ရှိတဲ့ ကာလိုင် ဒုက္ခသည်စခန်းအနီးမှာ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (TNLA)၊ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တို့ရှိပြီး ရွာသားတွေအပြင် ဒုက္ခသည်နဲ့ပါ မကြာခဏ ပဋိပက္ခဖြစ်နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
စစ်ဆေးတာတွေအပြင် ရိုက်နှက်တာတွေပါ လုပ်လာတယ်လို့ ကာလိုင်ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဒေါ်နွန်မရိက RFA ကို ပြောပါတယ်။
“အခုက ပိုဆိုးလာတာပေါ့နော်။ စစ်ဆေးတာတွေ၊ မေးမြန်းတာတွေ။ ပြီးရင် သူတို့ရှိတဲ့ နေရာကနေ ဖြတ်သွားရင် ခေါ်ပြီး မေးပြီး ရိုက်တာတွေ လုပ်လာတယ်။ သူတို့လာနေ တာက ဒုက္ခသည်စခန်းမှာလေ။ အဲဒါကြောင့် ဒီနားမှာ မနေဖို့ အချက်သုံးချက်ကို စုပေါင်းပြီး တောင်းဆိုကြတာ”
စစ်ဘေးဒုက္ခသည်တွေ တောင်းဆိုတဲ့အထဲမှာ ဘယ်လက်နက်ကိုင်အဖွဲ့မဆို ကျေးရွာနဲ့ ဒုက္ခသည်စခန်းမှာ နေရာမချဘဲ မီတာတစ်ထောင် အကွာအဝေးကိုပြောင်းပေးဖို့၊ ရွာသားတွေကို ဖမ်းဆီးရိုက်နှက် စစ်ဆေးတာတွေ မလုပ်ဖို့နဲ့ ဖမ်းဆီးထားရင်လည်း စစ်ဘေးဒုက္ခသည်ကော်မတီ တာဝန်ရှိသူတွေကို အကြောင်းကြားဖို့အပြင် ရွာသားတွေ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်တာမလုပ်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
အဲဒီအနီးမှာ အခုနှစ်ဆန်းပိုင်းကတည်းက လက်နက်ကိုင်အဖွဲ့တွေ စတင်လှုပ်ရှား နေထိုင် လာကြတာကြောင့် ဖယ်ရှားပေးဖို့ ပြီးခဲ့တဲ့ မေလတုန်းက တစ်ကြိမ်တောင်းဆိုခဲ့ဖူးပေမယ့် လက်နက်ကိုင်အဖွဲ့တွေဘက်က လက်မခံခဲ့ဘဲ အကြောင်းပြချက်မျိုးစုံနဲ့ ဆက်လက်နေထိုင် နေတာလို့ ဒုက္ခသည်တွေက ပြောပါတယ်။
ဒီတောင်းဆိုမှုနဲ့ ပတ်သက်ပြီး MNDAA နဲ့ TNLA တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းဆက်သွယ်လို့ မရသေးပါဘူး။
MNDAA ပြန်ကြားရေးတာဝန်ရှိသူ ကိုရန်နိုင်ကတော့ ကိုးကန့်တပ်သားတွေဟာ ဒေသခံ တွေနဲ့ ရင်းနှီးမှု မရှိတာကြောင့် အောက်ခြေမှာ ပြဿနာအနည်းငယ်ရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာ RFA ကို ပြောထားပါတယ်။
ကာလိုင်ဒုက္ခသည်စခန်းမှာ ရွာပေါင်း ၂၀ ကျော်က ထွက်ပြေးလာတဲ့ ကချင်နဲ့ တအာင်း တိုင်းရင်းသား ၁၂၀၀ ခန့် အများစုနေထိုင်ကြပြီး သူတို့ဟာ ၂၀၁၂ ခုနှစ်က ကွတ်ခိုင်မြို့နယ် အတွင်း စစ်တပ်နဲ့ KIA တို့ဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်း စစ်တပ်နဲ့ TNLA တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြရသူတွေပါ။