ကလေးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ပြုလုပ်

RFA Burmese
2023.09.26
ကလေးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ပြုလုပ် ကလေးမြို့နယ်က ကျေးရွာတစ်ခုတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်နေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ မြို့နယ်သပိတ်ကော်မတီက ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုသပိတ် တရားဟောပွဲကို စက်တင်ဘာ ၂၆ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဦးမင်းကိုနိုင်၊ ကိုတေဇာဆန်းနဲ့ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဆရာတော်အရှင် ထာဝရတို့ပေးပို့တဲ့ သတင်းစကားရုပ်သံတွေဖွင့်ပြီး အာဏာရှင်ဆန့်ကျင်ရေး သပိတ်လုပ်ခဲ့တာလို့ သပိတ်အဖွဲ့ဝင် ကိုဗိုက်ပူက RFA ကိုပြောပါတယ်။

"ကျွန်တော်တို့က ရွာတိုင်းကို ကလေးမြို့နယ်မှာရှိတဲ့ ရွာတိုင်းကို ကုလသံအမတ် ဦးကျော်မိုးထွန်း၊ ဦးမင်းကိုနိုင်၊ ကိုတေဇာဆန်းတို့ပေးပို့တဲ့ သတင်းစကားကို ဖွင့်ပြရင်းနဲ့ သပိတ်ပြုလုပ်တာဖြစ်တယ်"

ဒီလို သပိတ်လှုပ်ရှားမှုတွေကို စက်တင်ဘာ ၂၁ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ကလေးပင်မသပိတ်အင်အားစုက ပြောပါတယ်။

တော်လှန်ရေးသပိတ်ဟောပြောပွဲအစီအစဉ်မှာ တော်လှန်ရေးရုပ်ရှင်ဇာတ်ကားတွေလည်း ပြသခဲ့တယ်လို့ ဆိုပါတယ်။

အခုဆိုရင် ကလေးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး သပိတ်လှုပ်ရှားတာ အာဏာသိမ်းပြီးချိန်ကစလို့ ရက်ပေါင်း တစ်ထောင်နီးပါးအထိ ရှိနေပြီလို့ ပြောပါတယ်။

အာဏာရှင်ဆန့်ကျင်နေတဲ့ သပိတ်အင်အားစုတွေကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေတဲ့ကြားကပဲ ကလေးပင်မသပိတ်အင်အားစုဟာ လှုပ်ရှားမှုတွေကို နေ့တိုင်းနီးပါးလုပ်နေတယ်လို့ သပိတ်အဖွဲ့ဝင်တွေက ပြောပါတယ်။

ကလေးပင်မသပိတ်အဖွဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်လို့ အသတ်ခံရသူ အယောက်သုံးဆယ်နဲ့ ဖမ်းဆီးခံရသူ အယောက်ခြောက်ဆယ် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။