စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေလို့ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရပြီး ကျေးရွာလေးရွာက နေအိမ်တချို့လည်း မီးရှို့ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူမြို့နယ်ထဲက သရက်ခေါင်း၊ ကိုးမြို့နဲ့ တောင့်တည်းကုန်းရွာတွေကို ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ် စစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့တာ ဖြစ်ပြီး ဒီနေ့ မနက် ၁၁ နာရီခွဲမှာတော့ မင်းကုန်း (က) ကျေးရွာက နေအိမ်တွေပါ မီးရှို့ခံရတာတွေရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
သရက်ခေါင်းရွာမှာ နေအိမ် ၃၁ လုံး မီးလောင်ကျွမ်းပြီး စစ်ကြောင်းနဲ့ နီးနေသေးတဲ့အတွက် ကျန်တဲ့ ကျေးရွာတွေ ထဲကို မဝင်နိုင်သေးလို့ ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ကန့်ဘလူမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၊ လူ့အခွင့်အရေး တာဝန်ခံက RFA ကို ပြောပါတယ်။
“အိမ်ခြေအတည်အကျတွေက ဝင်ကြည့်လို့ မရသေးဘူး စစ်ကြောင်းကပ်နေလို့။ ဒီမနက် လောင်နေတဲ့ရွာက မီးခိုးတန်းတွေ များတယ်။ ဒေသခံတောင်သူတွေက စပါးသိမ်းချိန်ဆိုတော့ စပါးတွေကအစ အကုန်ပစ်ထားခဲ့ရတော့ စပါးတွေလည်း မီးရှို့ခံရတယ်။ လှည်းနွားလေး ယူပြီး လူလွတ်အကုန်ထွက်ပြေးရတာပေါ့”
ဇန်နဝါရီ ၁၀ ရက်နေ့ ညက ပျူစောထီး အထိုင်စခန်းရှိတဲ့ တင်ငုတ်ကြီးရွာကို မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ သွားရောက်တိုက်ခိုက်ပြီးနောက် လက်နက်တချို့လည်း ရရှိခဲ့တယ်လို့ သူက ဆိုပါတယ်။
တိုက်ပွဲဖြစ်ပြီး နောက်နေ့ မနက်မှာ တင်ငုတ်ကြီးရွာအနီးက ရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး အဖွဲ့ဝင်တွေပါတဲ့ အင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းက ဝင်ရောက်စီးနင်းမှုတွေ လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၁ ရက် မနေ့မနက်ပိုင်းက ကန့်ဘလူ (၆၀၀၆) တင့်ကားတပ်ရင်းကနေ တင်ငုတ်ကြီးရွာကို အင်အားဖြည့်တင်းဖို့ ထွက်လာတဲ့ အဲဒီ စစ်ကြောင်းကြောင့် ကန့်ဘလူမြို့နယ်ထဲက ကိုးမြို့၊ သိုးဘိုး၊ ငါးရာနဲ၊ ဖလံချိုင်၊ တောင့်တည်းကုန်း၊ သရက်ခေါင်း၊ ညောင်ဇင်ကြီး၊ မင်းကုန်း(က) ၊ ပေလည် နဲ့ မဲသည် စတဲ့ ကျေးရွာ ၁၀ ရွာက ဒေသခံ တစ်သောင်းကျော်ဟာ မနေ့ကတည်းက ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးစိုင်းနိုင်နိုင်ကျော်ကတော့ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အသေးစိတ်မသိတာကြောင့် ဖြေပေးနိုင်တာ မရှိသေးဘူးလို့ RFA ကို ပြောပါတယ်။
စစ်ရေး ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် နှစ်သန်းခွဲကျော်ရှိ လာတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) က ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။