ကန့်ဘလူမှာ တိုက်ပွဲအတွင်း အရပ်သား သုံးဦးသေဆုံး
2024.08.17

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ဩဂုတ်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကလေးတစ်ဦး အပါအဝင် အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူမြို့နယ် မင်းကုန်း၊ သင်ပေါင်းကျင်း၊ ညောင်ပင်ကြီးနဲ့ ညောင်ပင်လေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေချိန် ကန့်ဘလူမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်-၆၀၀၆ အမြောက်တပ်ရင်း ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ လယ်လှရွာနဲ့ ယောရွာတွေဘက်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ၃ နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၄၀ နဲ့ ၆၀ ဝန်းကျင် အမျိုးသမီးနှစ်ဦးတို့ သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"၁၂၀ မမ ဟောင်၀စ်ဇာအမြောက်ကျည်ကျလို့ သုံးယောက် သေဆုံးသွားတယ်။ ညောင်ပင်ကြီးနဲ့ ညောင်ပင်လေးကြားမှာ တိုက်ပွဲဖြစ်တဲ့အချိန် ကန့်ဘလူ (၆၀၀၆) တပ်ရင်းကနေ လက်နက်ကြီး ပစ်ကူပေးတာက တိုက်ပွဲဖြစ်တဲ့နေရာကိုမကျဘဲ ကြားထဲက ရွာကို ကျသွားတာ"
လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့နေရာတွေဟာ တိုက်ပွဲဖြစ်တဲ့ရွာတွေနဲ့ သုံးမိုင်ခန့်သာ ကွာဝေးတယ်လို့ သူက ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေး၀န်ကြီး ဦးညွန့်၀င်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
လက်ရှိမှာ ကန့်ဘလူမြို့နယ်အတွင်း စစ်ရေးတင်းမှာနေပြီး ဇူလိုင်လ ၂၅ ရက်နေ့ကစလို့ ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက နေ့စဉ်နီးပါး ရွာစဉ်လှည့် စစ်ကြောင်းထိုးနေတာကြောင့်လည်း ကန့်ဘလူမြို့နယ် တောင်ပိုင်းမှာရှိတဲ့ ရွာပေါင်း နှစ်ဆယ်ကျော်က လူသောင်းချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။