ကန်ပက်လက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာရ

RFA Burmese
2024.08.14
ကန်ပက်လက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာရ ကန်ပက်လက်မြို့နယ်၊ ဆတ်ခြောက်ရွာကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၃ ရက်နေ့က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်အချို့ကို တွေ့ရစဉ်။
ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်၊ ဆတ်ခြောက်ရွာကို စစ်ကောင်စီက ဩဂုတ်လ ၁၃ ရက် နေ့လယ်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဩဂုတ် ၁၄ ရက်နေ့ ဒီကနေ့ ထုတ်ပြန်ပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် သုံးနှစ် အရွယ် မောင်ထန်းမနား၊ အသက် ၄၂ နှစ် အရွယ် ဒေါ်လိုင်းလှေ့တို့ သေဆုံးခဲ့ပြီး အသက် ခြောက်လသားအရွယ်နဲ့ အသက် ၁၂ နှစ် အရွယ် ကလေးနှစ်ဦးအပါအဝင် ဒေသခံ လေးဦး ဒဏ်ရာရခဲ့တာပါ။

ဆတ်ခြောက်ရွာကို စစ်ကောင်စီတပ်က ပေါင် ငါးရာ ဗုံးအပါအဝင် ဗုံးလေးလုံးနဲ့ လာရောက်ကြဲချခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။

"အဓိက စာသင်ကျောင်းကို ဦးတည် တိုက်ခိုက်ချင်တဲ့သဘောပါ၊ စာသင်ကျောင်းအနီးက နေအိမ် လေးလုံး ပျက်စီးတယ်။ အဲဒီအိမ်တွေမှာ နေထိုင်တဲ့ ဒေသခံတွေလည်း ထိခိုက်သေဆုံးခဲ့ရတယ်။ ဒဏ်ရာရသူတွေကို လုံခြုံတဲ့နေရာမှာ ဆေးကုသပေးပါတယ်။ နောက်ထပ် လေကြောင်း တိုက်ခိုက်လာမှာစိုးလို့ ဒေသခံတွေကိုလည်း တိမ်းရှောင်ခိုင်းထားပါတယ် "

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်ကလည်း ကန်ပက်လက်မြို့နယ်၊ ချင်းလက်မွန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၇၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရသူကတော့ လေးထောင်နီးပါး (၃၈၆၆ ဦး) အထိ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။