ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ထွက်ပြေးခဲ့ ရတဲ့ ချင်းပြည်နယ် တောင်ပိုင်း ကန်ပက်လက်မြို့က စစ်ဘေးဒုက္ခသည် ၃၀၀၀ နီးပါးထဲက လက်ရှိ သုံးရာလောက်ဟာ နေအိမ်တွေ ပျက်စီးသွားတာကြောင့် ပြန်လို့မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ် (CDF) ကန်ပက်လက်တို့ရဲ့ တိုက်ပွဲကြောင့် ရွာပေါင်း ၁၅ ရွာက ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး လက်ရှိ စစ်ကောင်စီ တပ်သားတွေ ပြန်ဆုတ်သွားတာကြောင့် အများအပြား နေအိမ်တွေပြန်ကြပေမယ့် အချို့တွေ တောထဲမှာပဲ နေနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးချိန်က နေအိမ်တွေကို ဖျက်ဆီးခဲ့တာကြောင့် နေရပ်ကို ပြန်လို့မရသေးတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"၃၀၀ လောက်ကတော့ အိမ်ကို မပြန်နိုင်သေးဘူး။ တောထဲမှာပဲ နေရသေးတယ်။ အခု မိုးရာသီဆိုတော့ တောထဲမှာ မိုးဖို့၊ ကာဖို့ လိုအပ်တယ်။ ရိက္ခာလည်း လိုအပ်တယ်။ ဆေးဝါးတွေလည်း လိုအပ်တယ်။ ဘာဖြစ်လို့ မပြန်နိုင်သေးတာလဲဆိုတော့ စစ်ကောင်စီ တပ်က ထိုးစစ်ဆင်တုန်းက သူတို့အိမ်ကို ဖျက်ဆီးနေလို့ ပြန်ပြုပြင်ရမယ့်ဟာတွေ များလို့ မပြန်နိုင်သေးတာဗျ"
တောတောင်တွေထဲမှာပဲ နေ နေရသေးတဲ့ လောက်မော့ရွာ၊ အမ်ပုံရွာနဲ့ ကျော့တော်ရွာက ဒေသခံသုံးရာခန့်ဟာ အမိုးအကာ၊ အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဇွန်လ ၇ ရက်နေ့ကစပြီး မကွေးတိုင်း၊ ကျောက်ထုမြို့ ဘက်ကနေ ချင်းပြည်နယ် ဘက်ကို ထိုးစစ်ဆင်ဖို့ တက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ်တစ်ခုလုံးမှာ ရွာပေါင်း ၁၃၀၀ ကျော်ရှိတဲ့အနက် နှစ်ဖက်တိုက်ပွဲတွေကြောင့် ရွာပေါင်းသုံးရာကျော်က ဒေသခံတွေဟာ နေအိမ်တွေကိုစွန့်ခွာပြီး ထွက်ပြေးနေကြရတယ် လို့ ချင်းပြည်နယ်နဲ့ ပတ်သက်ပြီး မှတ်တမ်းတွေ ကောက်ယူနေတဲ့ ချင်းရေးရာအဖွဲ့ချုပ်က RFA ကို ပြောပါတယ်။