ခင်ဦးမြို့နယ် ကံသစ်ရွာ မီးရှို့ခံရမှု နေအိမ် ၅၀ ကျော်နဲ့ စပါးတင်းတစ်ထောင်ကျော်ဆုံးရှုံး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကံသစ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဝင်ရောက်စီးနင်းပြီး ရွာမီးရှို့ခံရတာကြောင့် နေအိမ် ၅၂ နှစ်လုံး အပါအဝင် စပါးတင်းတစ် ထောင်ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ဇွန်လ ၁၁ ရက် ဒီနေ့ ပြောပါတယ်။

ကံသစ်ရွာကို အင်အား ၅၀ လောက်ပါတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ခြေလျင်စစ်ကြောင်းတစ်ကြောင်း၊ ရေဦးမြို့ဘက်က ကားနဲ့လာတဲ့ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း စစ်ကြောင်းနှစ်ကြောင်းနဲ့ ဇွန်လ ၁၀ ရက်မနေ့က ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ဝင်လာတော့ ရွာရဲ့ မြောက်ဘက်တစ်မိုင်ကွာကို လူတွေထွက်ပြေးတော့ ပြေးတဲ့ သူတွေကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာဗျာ။ ပုခုံးထမ်းလောင်ချာတွေနဲ့လည်း ပစ် တယ်။ ရွာထဲကိုလည်း လက်နက်ကြီးတွေနဲ့ပစ်တယ်။ တိုက်ပွဲလည်းဖြစ်တာ မဟုတ်ဘူး။ ရွာကို ဝင်တာက ၁၁ ခွဲလောက်ဝင်တယ်။ သူတို့စားသောက်ပြီးလို့ အိမ်တွေက လိုချင် တာတွေမွှေနှောက်ယူပြီး နေခင်း တစ်နာရီလောက်မှာ ရွာတောင်ပိုင်းကနေ မီးစရှို့တာ”

ရွာမီးရှို့ခံရမှုကြောင့် နေအိမ် ၅၂ လုံး၊ မီးဖိုတဲ ၂၃ လုံး၊ နွားတင်းကုတ်တစ်လုံး၊ စပါင်းတင်း ၁၀၀၀ လောက်သိုလှောင်ထားတဲ့ စပါးကျီး ၁၂ လုံး၊ စပါးခြွေစက်တစ်လုံး၊ ဆိုင်ကယ်လေးစီး၊ လယ်ထွန်စက် ၄ စီး၊ ရေစုပ်စက် ၅ လုံး၊ ခိုင်းနွားတစ်ကောင် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သူက ဆိုပါတယ်။

မီးလောင်ဆုံးရှုံးတဲ့အထဲမှာ ရွာရဲ့အရံမီးသတ်တပ်ဖွဲ့ရုံးတစ်ရုံးနဲ့ ဈေးဆိုင်တစ်ဆိုင်လည်း ပါဝင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်ကြောင်းတွေ အနေနဲ့ ကျေးရွာတွေထဲကို ဝင်ရောက်တာမရှိသလို အရပ်သားတွေရဲ့ နေအိမ်တွေ မီးရှို့ခံ ရတယ်ဆိုတာ စွပ်စွဲချက်တွေသာဖြစ်ကြောင်းနဲ့ ဒါဟာ PDF အဖွဲ့တွေကသာ လုပ်ဆောင် တာဖြစ်ကြောင်း ယခင်က တုံ့ပြန်ပြောဆိုထားပါတယ်။

ကံသစ်ရွာဟာ အိမ်ခြေ ၅၀၀ ခန့်ရှိတဲ့ရွာဖြစ်ပြီး ယခင်က စစ်ကောင်စီကို နေ့စဉ်လိုလို ဆန့်ကျင်ဆန္ဒပြခဲ့ကြတာကြောင့် အခုလို ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာလို့ ဒေသခံ တွေက ပြောပါတယ်။

အာဏာသိမ်းတစ်နှစ်ကျော်အတွင်းမှာ ကံသစ်ရွာဟာ ၂၃ ထိ ကြိမ်ဝင်ရောက်စီးနင်းခံရပြီး အဲဒီစီးနင်းမှုတွေမှာ ဒေသခံ ရှစ်ဦးထိ အသက်သေဆုံးခဲ့ရသလို ရွာခံ ၂၉ ဦးလည်း ဒီနေ့ အထိ ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းတစ်နှစ်ကျော်ကာလ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့ ထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့စည်းတွေရဲ့ မီးရှို့မှုတွေကြောင့် နိုင်ငံတစ်ဝန်းမှာ ပျက်စီးသွားတဲ့ အိမ်ပေါင်း ၁၈,၈၈၆ လုံးရှိတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar အဖွဲ့က ဇွန်လ ၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ် ၁၃,၈၄၀ လုံးထိရှိပါတယ်။