အကူအညီပေးရေးတွေကို စစ်ကောင်စီ မထိန်းချုပ်နိုင်အောင် ဖိအားပေးကြဖို့ KHRG တိုက်တွန်း

စစ်ရေးပဋိပက္ခတွေ ဖြစ်နေတဲ့ ကရင်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်က၊ ဒေသ ခံ ဒုက္ခသည်တွေကို နိုင်ငံတကာ နယ်စပ်တွေဆီ ထွက်ပြေး ခိုလှုံခွင့်မပြုဘဲ တားဆီးထား သလို၊ အသက်အန္တရာယ် ကာကွယ်ရေး အကူအညီတွေကိုလည်း ပိတ်ပင်ထားကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ဇွန်လ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်မှာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးကတည်းက လူသားချင်း စာနာ ကူညီရေးဆိုင်ရာ ပြဿနာတွေ နက်ရှိုင်းလာခဲ့တာဖြစ်ပြီး၊ အရပ်ဘက် ပြည်သူတွေအတွက် လုံခြုံရေးနဲ့ အသက်အန္တရာယ် အကာအကွယ်ပေးရေး လုပ်ငန်းတွေကို၊ အာဏာသိမ်းစစ် တပ်က ခြိမ်းခြောက်ဟန့်တားခဲ့ပါတယ်။

အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ၊ ရိက္ခာနဲ့ ဆေးဝါးမလုံလောက်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး ရပ်ဆိုင်းမှုတွေဟာ၊ ဒေသခံတွေအပေါ် အာဏာသိမ်း စစ် ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုတွေ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒေသတွင်းမှာ စားနပ်ရိက္ခာနဲ့ လုံခြုံရေးဆိုင်ရာ အခက်အခဲတွေ ရှိနေပေမယ့် ဒေသခံတွေ အနေနဲ့ အစွမ်းရှိသမျှ အားထုတ်ဆောင်ရွက်နေကြကြောင်းလည်း ကရင်လူ့အခွင့်အရေး အဖွဲ့က ပြောဆိုပါတယ်။

ဒေသခံတွေရဲ့ ကျွမ်းကျင်မှု၊ လူမျိုးစုဆိုင်ရာ ဝန်ဆောင်မှု၊ ရပ်ရွာအသိုင်းအဝိုင်းဆိုင်ရာ အခြေပြု အဖွဲ့အစည်းတွေဟာ၊ ကျေးရွာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေ ကြပြီး၊ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးဝန်ဆောင်မှု အပါအဝင် နေရာရွှေ့ပြောင်းရမှု အခက်အခဲတွေကိုပါ ကူညီပေးနေကြောင်းလည်း ဖော်ပြပါတယ်။

ဒါပေမဲ့ သူတို့ဟာ အဓိက ရန်ပုံငွေ ထောက်ပံ့ရေးအဖွဲ့အစည်းတွေထဲမှာ မပါဝင်သေးဘဲ ရှိနေပါတယ်။

ရပ်ရွာအခြေပြု အဖွဲ့အစည်းတွေအပေါ် ပိုမိုအသိအမှတ်ပြုလာတာနဲ့အမျှ၊ သူတို့ရဲ့ ကိုယ်ပိုင်ကူညီဆောင်ရွက်ရေး လုပ်ငန်းတွေဟာလည်း ပိုမိုအရေးပါ၊ အသိအမှတ်ပြု ခံနေရပြီဖြစ်ပြီး၊ ရေတိုအတွက်သာမက ရေရှည်မှာပါ ကူညီထောက်ပံ့ရေးတွေ အစီ အစဉ်တွေ ပိုမိုဖန်တီးဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

karen-refugees.jpg
သထုံခရိုင် တပ်မဟာ - ၁ နယ်မြေ၊ ဘီးလင်းမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည် များအား ၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့က တွေ့ရစဉ် (Photo: Karen Information Center -KIC)

အာဏာသိမ်းစစ်တပ် ရှိနေသေးသမျှ၊ အဲဒီလို ဆောင်ရွက်ချက်တွေ တစ်စိတ်တစ်ပိုင်း ဆက်လက်ရှိနေမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကရင်ပြည်နယ်မှာ နေရာရွှေ့ပြောင်းရသူ နှစ်သိန်းနီးပါးရှိပြီး၊ အာဏာသိမ်း စစ်တပ်က ဒုက္ခသည်တွေအတွက် အကူအညီပေးရေးတွေကို ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့ထားကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ညွှန်ကြားရေးမှူ နော်ထူးထူးက ပြောပါတယ်။

KHRG အနေနဲ့ နိုင်ငံတကာ အသိုင်းအဝန်း၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ရန်ပုံငွေ ထောက်ပံ့ရေး အဖွဲ့တွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တောင်းဆိုခဲ့ရာမှာ အကူအညီပေးရေး အစီအစဉ်တွေကို စစ်ကောင်စီ မထိန်းချုပ်နိုင်အောင် ဆောင်ရွက်ရေး၊ အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရ ပေါ်ပေါက်တဲ့ အထိ အဖွဲ့ဝင်နိုင်ငံအဖြစ်က ဆိုင်းငံ့ထားရေးနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ် ရေး၊ နိုင်ငံတကာရန်ပုံငွေ ခွဲဝေပြီး နိုင်ငံတကာ အကူအညီတွေကို တိုင်းရင်းသား လူနည်းစု တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ ဝန်ဆောင်မှုပေးရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။