ကရင်ရိုးရာ လက်ချည်ပွဲ ပီတလင်ဂျာရွန်ရက် တက်ရောက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဩဂုတ်လ ၂၇ ရက်နေ့က ကျင်းပတဲ့ ကရင်ရိုးရာလက်ချည်ပွဲအခမ်းအနားကို Move Forward ပါတီခေါင်းဆောင် ပီတလင်ဂျာရွန်ရက် တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။

ဒီပွဲကို ပြည်ပရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO) က ကြီးမှူး ကျင်းပတာဖြစ်ပြီး လူအင်အားထောင်နဲ့ချီ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

pita-2.jpeg
Photo: Pita Limjaroenrat/Twitter

အခုလို ကရင်လူမျိုးတွေရဲ့ပွဲတော်ကို တက်ရောက်ခွင့်ရတာ ကျေးဇူးတင်ကြောင်း၊ Move Forward ပါတီအနေနဲ့ လူမျိုးစု တိုင်းရင်းသားတွေနဲ့အတူ အမြဲရပ်တည်နေကြောင်း ထိုင်းရွေးကောက်ပွဲအနိုင်ရ ခေါင်းဆောင်ပီတက ပြောသွားပါတယ်။

ပီတဟာ ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့ပေမဲ့ သတင်းမီဒီယာကုမ္ပဏီတစ်ခုမှာ အစုရှယ်ယာတွေ ပိုင်ဆိုင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဝန်ကြီးချုပ်ဖြစ်ခွင့် လက်လွှတ်ခဲ့ရသူပါ။

ကရင်လူမျိုးတွေဟာ နှစ်စဉ်ဝါခေါင်လမှာ လက်ချည်ပွဲ ကျင်းပလေ့ရှိပြီး၊ လက်ချည်ခြင်းအားဖြင့် ကျန်းမာတယ်၊ မိတ်သဟာယပေါတယ်၊ ဥာဏ်ပညာထူးချွန်တယ်၊ ပစ္စည်းဥစ္စာပေါများတယ်၊ ဘေးအန္တရာယ်ကင်းတယ်လို့ ယုံကြည်ကြတာ ဖြစ်ပါတယ်။