ကော့ကရိတ်မြို့ တိုက်ပွဲအတွင်း ဒဏ်ရာရသူတချို့ ပိတ်မိနေ
2023.12.01

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နဲ့ အနီးတစ်ဝိုက်မှာ ဒီဇင်ဘာလ ၁ ရက် မနက်ပိုင်းကစလို့ တိုက်ပွဲတွေပြင်းထန်နေပြီး တိုက်ပွဲကြား ဒဏ်ရာရထားတဲ့ အရပ်သားတချို့ ပိတ်မိနေတယ်လို့ ကော့ကရိတ်မြို့နယ်အခြေစိုက် လူမှုကူညီရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းအထိ ဆက်သွယ်လာတဲ့ ဒဏ်ရာရ ဒေသခံသုံးဦးအထိရှိပြီး ဆေးကုသမှုခံယူနိုင်ဖို့ လူမှုကူညီရေးအသင်းတွေထံ အကူအညီတောင်းခံထားတာလို့ ဆိုပါတယ်။
လက်ရှိမှာ ပစ်ခတ်မှုတွေဆက်ရှိနေသလို ကော့ကရိတ်-မြဝတီ ဆက်သွယ်ထားတဲ့ အာရှလမ်းမကြီးမှာလည်း ကားတွေပိတ်မိနေတာကြောင့် သွားရောက်ကူညီလို့မရသေးကြောင်း ကော့ကရိတ်မြို့အခြေစိုက် လူမှုအကူညီရေးအသင်းတစ်ခုရဲ့ အဖွဲ့ဝင်က RFA ကို ပြောပါတယ်။
"အခြေအနေက တော်တော်ကြမ်းနေတယ်။ တအားကြီးပစ်နေလို့ ကျွန်တော်တို့ ထွက်လို့မရဘူး။ အကူအညီလှမ်းတောင်းတဲ့လူတွေ ရှိတယ်။ ကားလမ်းတွေကလည်း တစ်တန်းလုံးပိတ်နေတော့ သွားမရဘူး။ မနက်က ဖုန်းဆက်တာ မြို့ဝင် ကြာပန်းနားကနေ ဆက်လာတာ။ ဒဏ်ရာရထားတယ်၊ ဆေးရုံသွားချင်တယ်ပြောတော့ ဆေးရုံက ပိတ်ထားတယ်၊ သွားလို့လည်း အဆင်မပြေဘူး"
နိုဝင်ဘာလ ၃၀ ရက်နေ့ ညပိုင်းကတော့ ကော့ကရိတ်မြို့နယ်ထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အံဖလေးရွာက အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကတော့ ကော့ကရိတ်မြို့မှာ ဌာနဆိုင်ရာရုံးတွေ မီးရှို့ခံရတာရှိတယ်လို့ RFA ကို ပြောပါတယ်။
"စက်မှုလယ်ယာရုံးရယ်၊ မီးသတ်ဦးစီးဌာနရုံးရယ်၊ ရုံးလေးရုံးကိုတော့ မီးရှို့သွားတယ် ကြားတယ်။ အဲဒီအဖွဲ့တွေကတော့ မီးတွေဘာတွေရှို့ပြီးတော့ ပြန်ထွက်သွားပြီလို့ ကြားတယ်။ အခုအတည်ုချက်တွေဘာ တွေတော့ မလုပ်ရသေးဘူး။ လက်ရှိ ဒုတိုင်းမှူးနဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့ကပဲ အချိန်နဲ့တစ်ပြေးညီ သတင်းရယူပြီးမှ ဆောင်ရွက်နေတယ်"
လက်ရှိမှာတော့ ကော့ကရိတ်မြို့က အမှတ် (၉၇) ခြေလျင်တပ်ရင်းနဲ့ စစ်ကောင်စီတပ်စခန်းရှိရာနေရာတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှာ ကုန်တင်ယာဉ်တွေနဲ့ ခရီးသွားယာဉ်တွေ ပိတ်မိနေသလို စစ်ဘေးရှောင်ဖို့ ကျန်နေသေးတဲ့ ကော့ကရိတ်မြို့ပေါ်က ဒေသခံတချို့လည်း ပိတ်မိနေတယ်လို့ ဆိုပါတယ်။
ကော့ကရိတ်မြို့နယ် အပါအဝင် ကျိုက်ဒုံ၊ စုကလိနဲ့ ဝေါ်လေမြိုင်ဒေသတွေမှာရှိတဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားမှာပါဝင်နေသူတွေ တစ်ပတ်အတွင်း ထွက်ခွာကြဖို့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတိပေးချက်ထုတ်ပြန်ပြီးတဲ့နောက် အခုလိုတိုက်ပွဲတွေ ဆက်ဖြစ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။