လွိုင်ကော်မှာ စစ်ကြောင်းထိုးမယ့် သတင်းကြောင့် ဒေသခံသုံးထောင်ကျော် ထွက်ပြေး

RFA Burmese
2023.02.06
Share on WhatsApp
Share on WhatsApp
လွိုင်ကော်မှာ စစ်ကြောင်းထိုးမယ့် သတင်းကြောင့် ဒေသခံသုံးထောင်ကျော် ထွက်ပြေး ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့သို့ ထွက်ပြေးလာရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။
Citizen Journalist

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ပီကင်းကောခူနဲ့ ဝါရီကောခူရွာကို ဖေဖော်ဝါရီလ ၅ ရက်နေ့ညပိုင်းက စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းကြောင့် ဒေသခံ ၃၀၀၀ ကျော် ထပ်မံထွက်ပြေးနေရတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) အဖွဲ့က ပြောပါတယ်။

အဲဒီအထဲမှာ ပီကင်းကောခူရွာက ဒေသခံ ၁၂၀၀ ဝန်းကျင်နဲ့ ဝါရီကောခူရွာက ဒေသခံ ၁၅၀၀ ကျော် ပါဝင်တယ်လို့ PKPF တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့ညက ၇ နာရီလောက်မှာ ရွာလုံးကျွတ်နီးပဲ ထွက်ပြေးကြတာ။ အဓိက စစ်ကောင်စီက စစ်ကြောင်းထိုးလာမယ်ဆိုတဲ့ သတင်းကြောင့် ပြေးကြတာပေါ့နော်။ လောလောဆယ်တော့ ဘေးလွတ်မယ်ထင်တဲ့နေရာကိုစုပြီး ပြေးနေကြတယ်”

ထွက်ပြေးရတဲ့အထဲမှာ အခြားရွာတွေကနေ လာရောက်ပုန်းရှောင်နေရသူတွေပါ ပါဝင်ပြီး အရေအတွက် တိတိကျကျကို မသိရသေးပေမယ့် အကူအညီပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ PKPF တာဝန်ရှိသူက ပြောပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း ဝါရီကောခူရွာအနီး စစ်ကောင်စီတပ်နဲ့ ကရင်နီ အမျိုးသားကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေကြောင်းကပါ တိုက်ခဲ့တာကြောင့် ဝါရီကောခူရွာက အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့ပါတယ်။

လွိုင်ကော်မြို့နယ်အတွင်းမှာ ဇန်နဝါရီဆန်းပိုင်းကစပြီး တိုက်ပွဲနေ့စဉ်ဖြစ်နေပြီး စစ်ကောင်စီတပ်က ဒုက္ခသည်စခန်းတွေကိုပါ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ ဒုက္ခသည်စခန်းဆိုတဲ့ နေရာတွေဟာ KNDF တပ်ရင်း (၁၀) အခြေစိုက်စခန်းဖြစ်လို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နယ်မြေအေးချမ်းရေးအတွက် ဆက်ပြီးဆောင်ရွက်နေတယ်လို့ ဖေဖော်ဝါရီလ ၅ ရက်နေ့ထုတ် စစ်ကောင်စီသတင်းစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် KNDF အနေနဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ လွိုင်ကော် ထောင်၊ စစ်ကောင်စီ တပ်စခန်းနဲ့ ကယားပြည်နယ်နေ့လို အခမ်းအနားတွေကို တိုက်ခိုက်တာ အပါအဝင် တိုက်ခိုက်မှု (၂၁) ကြိမ် လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

KNDF ကတော့ ကယားပြည်နယ်မှာ ဇန်နဝါရီလအတွင်း တိုက်ပွဲပေါင်း ၃၀ ကျော်ဖြစ်ခဲ့ပြီး KNDF ဘက်က ငါးဦးသေဆုံးခဲ့သလို စစ်ကောင်စီတပ်က ၂၀ ကျော်သေဆုံးတယ်လို့ ဇန်နဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း ဒီးမော့ဆိုနဲ့ လွိုင်ကော်လမ်းပိုင်းမှာရှိတဲ့ ကန်ခုနစ်ဆင့်နဲ့ ဇရပ်ဖြူရွာတွေဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် ဒီးမော့ဆိုအရှေ့ဘက်အခြမ်းက ထီးဖိုးကလိုအုပ်စုနဲ့ ဒေါကလိုဒူးအုပ်စုက ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးနေကြရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။

စစ်ကောင်စီဟာ လက်ရှိ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနဲ့ ဘော်ခဲမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ကြေညာထားပြီး စစ်ကြောင်းတွေပါ ဆက်ထိုးလာနိုင်တာကြောင့် ဒုက္ခသည်အရေးနဲ့ စစ်ရေးအခြေအနေတွေ ပိုဆိုးလာနိုင်တယ်လို့ ကိုဗညားက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။