ကယားမှာ တစ်နှစ်ခွဲကျော်အတွင်း လက်နက်ကြီးကြောင့် ဒေသခံ ၄၀ ကျော်သေ၊ ၆၀ ကျော်ဒဏ်ရာရ

စစ်အာဏာသိမ်း တစ်နှစ်ခွဲကျော်အတွင်း ကယားပြည်နယ်မှာ စစ်ကောင်စီတပ်ကပစ်ခဲ့တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၄၀ ကျော်သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ဘက်က ပြောပါတယ်။

ဒီစာရင်းဟာ ၂၀၂၁ ခုနှစ် မေလအတွင်း ဒီးမော့ဆိုမြို့နယ် ကုန်းသာရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ဒေသခံလေးဦး သေဆုံးခဲ့ချိန်ကစပြီး ကောက်ယူခဲ့တာလို့ KnHRG အဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက RFA ကို ပြောပါတယ်။

"ကျနော်တို့ ကောက်ထားတာက လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံ စတဲ့နေရာတွေက စစ် ဘေးဒုက္ခသည် စခန်းတွေကို ကျရောက်ပေါက်ကွဲတာ။ လူနေအိမ်တွေကို လက်နက်ကြီး စမ်းသပ်ပစ်တာတွေ အဲဒီလိုတွေ အကုန်ပါပါတယ်။ ကျနော်တို့ လက်လှမ်းမမှီတဲ့ နေရာ တွေလည်း ရှိသလို၊ အပြင်မှာ ဒီထက်လည်း ပိုများနိုင်ပါတယ်။ သေတဲ့လူတွေ ဆိုလည်း ပွဲချင်းပြီးသေတာတွေ များတယ်။ ဒဏ်ရာရတဲ့လူတွေဆိုလည်း ခန္ဓာကိုယ်အစိတ်အပိုင်း တော်တော်ထိခိုက်ကြတယ်"

ယခုနောက်ပိုင်း စစ်ကောင်စီတပ် စခန်းတွေကနေ တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီး အကွာအဝေးကို သိလိုတာကြောင့် စမ်းသပ်ပစ်ခတ်မှုတွေလည်း ပိုများလာတယ်လို့ ကိုဗညားက ပြောပါတယ်။

ဒီးမော့ဆို အရှေ့ဘက်ခြမ်းကရွာတွေနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ကနေ လက်ရှိအချိန်ထိ စစ်ကောင်စီတပ် စခန်းတွေကနေ နေ့စဉ်လိုလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဧပြီလကစပြီး ကယားပြည်နယ်ထဲမှာ စစ်ကောင်စီ တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက် ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၂၁၂,၀၀၀ ဦးရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။