ကယားပြည်နယ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းအချို့ ပြတ်တောက်နေ

RFA Burmese
2023.06.28
ကယားပြည်နယ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းအချို့ ပြတ်တောက်နေ ကယားပြည်နယ်အတွင်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။
ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီ

စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကယားပြည်နယ်အတွင်းမှာ ဇွန်လ ၂၇ ရက်နေ့ည ၁၀ နာရီနောက်ပိုင်းကစပြီး ဖုန်းလိုင်းအချို့ ပြတ်တောက်သွားတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။

ကယားပြည်နယ် နေရာတချို့မှာ MPT နဲ့ Mytel ဖုန်းလိုင်းတွေသာရပြီး ကျန်တဲ့ Aton၊ Ooredoo ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အားလုံးနီးပါး ပြတ်တောက်နေတာလို့ ကရင်နီ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူ တစ်ဦးက RFA ကို ပြောပါတယ်။

“ဝိုင်ဖိုင်လိုင်းတွေရော၊ ဖုန်းအင်တာနက်လိုင်းတွေရော ပြတ်သွားတယ်။ Ooredoo နဲ့ Aton ဖုန်းလိုင်းတွေလည်း ဖြတ်လိုက်ပြီ။ ဒီဘက်က စစ်ရေးအခြေအနေက ပိုပြင်းထန်လာမယ့် အခြေအနေဖြစ်နေတယ်”

လွိုင်ကော်မြို့မှာတော့ ဇွန်လ ၂၆ နေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုတွေကို လေယာဉ်နဲ့ ရွှေ့ပြောင်းပေးနေတယ်လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီလိုရွှေ့ပြောင်းအပြီးမှာ ဖုန်းလိုင်းအချို့နဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက် တာကြောင့် စစ်ရေးအခြေအနေ ပိုဆိုးလာမလား ဒေသခံတွေ စိုးရိမ်နေကြတယ်လို့လည်း လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။

“ပြောရရင် အခြေအနေက အားလုံးစိုးရိမ်နေကြတာပေါ့နော်။ ဘယ်အချိန်မှာ တိုက်ပွဲတွေ ပြန်ပြင်းထန်လာမလဲဆိုတာပဲ စိတ်ပူနေကြရတယ်”

အခုလို အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းအချို့ ပြတ်တောက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားကတော့ စစ်ကောင်စီအနေနဲ့ အခုရက်ပိုင်း ကယားပြည်နယ်အတွင်းမှာ တပ်ရွှေ့ပြောင်းမှုတွေ ပိုမိုလုပ်ဆောင် နေတာကြောင့် ဒီအချက်အလက်တွေ မပေါက်ကြားအောင် အခုလို လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။