အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်အပါအဝင် စစ်တိုင်းဒေသ ၅ ခုမှာ တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲ ထားမယ့်အကြောင်း ကြေညာပြီးနောက် ကရင်နီပြည်နယ်အတွင်း စစ်တပ်စခန်း ၄ ခု တိုးချဲ့တည်ဆောက်နေတာကြောင့် သံသယတွေ ဖြစ်ပေါ်စေကြောင်း ထိုင်းနိုင်ငံအခြေစိုက် Karenni Civil Society Network (KCSN) က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ကစပြီး ဒီမော့ဆိုမြို့နယ်၊ ဖာဆောင်းမြို့နယ်၊ ရှားတောမြို့နယ် နဲ့ မယ်စဲ့မြို့နယ်တွေအတွင်း တပ်မတော်ဘက်က တပ်စခန်းအသစ်တွေ တည်ဆောက်နေတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ တပ်စခန်း တိုးချဲ့နေတာတွေနဲ့ပတ်သက်လို့ ဒေသခံတွေက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေထံ စာပေးပို့တင်ပြတာတွေ ရှိခဲ့ပါတယ်။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ခင်မောင်ဝင်းက ဒါဟာ တပ်စခန်း တိုးချဲ့တာမဟုတ်ကြောင်း RFA ကို ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။
