ကလေးနဲ့ ခါမ်းပါတ်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ခုနစ်ဦး သေဆုံး

RFA Burmese
2025.01.20
ကလေးနဲ့ ခါမ်းပါတ်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ခုနစ်ဦး သေဆုံး စစ်ကိုင်းတိုင်း၊ ခါမ်းပါတ်မြို့တွင် လေကြောင်းဗုံးကြဲခံရသဖြင့် ပျက်စီးခဲ့သည့် လူနေအိမ်များအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ခါမ်းပါတ်မြို့တို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား သုံးဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦး စုစုပေါင်း ခုနစ်ဦး သေဆုံးတယ်လို့ ဒေသခံတွေက ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ပြောပါတယ်။

ဇန်ဝါရီလ ၁၈ ရက်နေ့ညပိုင်းမှာ ခါမ်းပါတ်မြို့ အမှတ် (၁) ရပ်ကွက်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးနဲ့ သုံးနှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ တစ်ရက်တည်းမှာပဲ ကလေးမြို့ တောင်ပိုင်း ထောက်ကြံ့ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့မှာတော့ ကလေးမြို့ တောင်ပိုင်းမှာ ဗုံးကြဲခံရတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်း ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“၁၈ ရက်နေ့ညက ခါမ်းပါတ် အမှတ် (၁) ရပ်ကွက်ကို ဗုံးကြဲတာ နှစ်ယောက် သေတယ်။ လူကြီးတစ်ယောက်၊ သုံးနှစ်အရွယ် ကလေးငယ် တစ်ယောက်ပေါ့။ မနေ့က ကလေးမြို့တောင်ပိုင်းကို ဗုံးကြဲတာလည်း ကာကွယ်ရေးဘက်က လေးယောက် သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ အတိအကျတော့ မသိရသေးဘူး”

ကလေးမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုကို အတည်ပြုပြီး စစ်ရေးကိစ္စဖြစ်တာကြောင့် အသေးစိတ်ကို မဖြေကြားနိုင်သေးကြောင်း ပြောဆိုပါတယ်။

ဇန်နဝါရီ ၁၈ နဲ့ ၁၉ ရက်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးမြို့နယ်က ရွာတချို့မှာ နေအိမ်တွေ ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ နှစ်ပတ်အတွင်း အရပ်သား ၅၂ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။