ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ခွဲစိတ်ကုသမှု ခံယူထားရတာကြောင့် ပါတီ တာဝန်တွေကို အချိန်ပြည့် တာဝန်မထမ်းနိုင်တဲ့အတွက် ဒုဥက္ကဋ္ဌ ဦးခင်ရီကို ယာယီဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းပေးထားတယ်လို့ ပါတီပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်က စက်တင်ဘာ ၂၂ ရက် ဒီနေ့ RFA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးရဲ့ ခါး ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး လာမယ့် အောက်တိုဘာလဆန်းမှာလည်း ပါတီညီလာခံကျင်းပဖို့ရှိနေတာကြောင့် ဦးခင်ရီကို တာဝန်လွှဲပြောင်း ပေးအပ်ထားတာလို့ ပါတီပြောခွင့်ရသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
“ပါတီရဲ့ စည်းမျဉ်းအတိုင်းပဲ ဥက္ကဋ္ဌကြီး ကျန်းမာရေးအရကြောင်းလည်းကောင်း၊ ခရီးသွားရင် သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် တာဝန်ထမ်းဆောင်ဖို့ အခက်အခဲရှိရင် ဒုတိယဥက္ကဋ္ဌကို ပါတီရဲ့ ခေတ္တဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်နိုင်တယ် ဆိုတဲ့ စဉ်းမျဉ်းအရ အောင်မြင်တဲ့ ညီလာခံကြီး တစ်ရပ်ကျင်းပဖို့ လိုအပ်နေတဲ့ အချိန်မှာ ဦးခင်ရီကို တာဝန်ပေးအပ်ထားတာ ဖြစ်ပါတယ်။ ကျနော်တို့ပါတီရဲ့ လုပ်ရိုးလုပ်စဉ် လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်”
လာမယ့်အောက်တိုဘာလဆန်းမှာ ပြုလုပ်မယ့် ပါတီညီလာခံမှာတော့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးတွေ အပါအဝင် ဗဟိုအလုပ်မှုဆောင်သစ်တွေကို ရွေးချယ်ဖို့ရှိနေပါတယ်။
ပါတီဗဟိုအလုပ်မှုဆောင်အဖြစ် အရွေးချယ်ခံဖို့ အဆိုပြုထားသူ ၈၀ ကျော်ရှိပြီး အဲဒီ အထဲက ၄၅ ဦးကို ရွေးချယ်ဖို့ရှိတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
လာမယ့်ညီလာခံမှာလည်း ဦးသန်းဌေးအစား ဦးခင်ရီကပဲ ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက် ရွေးချယ် ခံရဖွယ် ရှိတယ်လို့ ကြံ့ခိုင်ဖွံ့ရေးပါတီနဲ့ နီးစပ်သူတွေက သုံးသပ်ပြောဆို နေကြပါတယ်။
ဦးခင်ရီကို စစ်ကောင်စီက လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ တာဝန်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီနှစ်သြဂုတ်လ ၁၉ ရက်နေ့မှာ တာဝန်က ရပ်စဲခဲ့ပါတယ်။ အဲဒီနောက် ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီရဲ့ ခေါင်းဆောင်ပိုင်းနေရာကို ဆက်လက်တာဝန်ယူလုပ်ကိုင်နေတာပါ။
စစ်တပ် ဗိုလ်မှူးချုပ်ဟောင်း တစ်ဦးဖြစ်တဲ့ ဦးခင်ရီဟာ စစ်အစိုးရလက်ထက်မှာ ရဲချုပ် အဖြစ် တာဝန်ယူခဲ့သလို ဦးသိန်းစိန်းအစိုးရ လက်ထက်မှာလည်း လ.ဝ.က ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။