အစိုးရတပ်မတော်နဲ့ KIA စစ်ရေးတင်းမာ

0:00 / 0:00

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် အရှေ့ဖက် မိုင် ၅၀ အကွာ တောတွင်းတစ်နေရာမှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ၂ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီနေ့မှာ စစ်ရေးတင်းမာနေတယ်လို့ KIA က ပြောပါတယ်။

မနေ့က ဧပြီလ ၂၁ ရက်နေ့ မနက်ပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားနေပြီး အစိုးရတပ်မတော် တပ်မ ၉၉ ဟာ KIA တပ်ရင်း ၃၆ က တပ်ခွဲငယ်လေးတွေ စခန်းချထားတဲ့နေရာကို ဝင်ရောက်လာတဲ့အတွက် ပြန်လည်ခုခံတိုက်ခိုက်တာလို့ KIA ပြောခွင့်ရသူ ဒု-ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

မြေပြင်တိုက်ပွဲသတင်း အသေးစိတ်အခြေအနေကို မသိရသေးတာကြောင်း ထိခိုက်ကျဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။

အဲဒီတိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းထွဋ်လေးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒါကြောင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီကို RFA က ဆက်သွယ်မေးမြန်းရာမှာ အတိအကျ မသိရသေးကြောင်းနဲ့ စုံစမ်းမေးမြန်းနေဆဲဖြစ်ကြောင်း ပြောပါတယ်။

အဲဒီတိုက်ပွဲသတင်းကို RFA က သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကချင်နဲ့ ရှမ်းပြည်နယ်ထဲက စစ်တိုင်းကြီး ၅ ခုတို့မှာ ဧပြီလကုန်ပိုင်းအထိ စစ်ဆင်ရေးလှုပ်ရှားမှုတွေ ၄ လတာ ရပ်ဆိုင်းထားမယ်လို့ ကြေညာခဲ့ပါတယ်။

တပ်မတော်က ၄ လအကြာ အပစ်ရပ်ဆိုင်းထားတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေဆီ ပြည်တွင်းပြည်ပ အလှူရှင်တွေ သွားရောက်လှူဒါန်းနိုင်ခဲ့သလို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလည်း ကျင်းပနိုင်ခဲ့တဲ့ အကျိုးရှိခဲ့တာကြောင့် အပစ်ရပ်ကာလကို နောက်ထပ်သက်တမ်း ထပ်တိုးပေးဖို့ဆိုပြီး ကချင်အမျိုးသားအစည်းအရုံးက ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ဒီတောင်းဆိုချက်နဲ့ပတ်သက်လို့ ကချင်အမျိုးသားအစည်းအရုံးရဲ့ တွဲဖက်အတွင်းရေးမှူး ဦးနော်လတ်ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိခဲ့ပါဘူး။

ဒီဧပြီလကုန်ပိုင်းလောက်မှာ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ KIA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ ဖြစ်ကြတဲ့ AA ၊ TNLA ၊ MNDAA တို့ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

မနေ့က ဧပြီလ ၂၁ ရက်နေ့ မနက်ပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားနေပြီး အစိုးရတပ်မတော် တပ်မ ၉၉ ဟာ KIA တပ်ရင်း ၃၆ က တပ်ခွဲငယ်လေးတွေ စခန်းချထားတဲ့နေရာကို ဝင်ရောက်လာတဲ့အတွက် ပြန်လည်ခုခံတိုက်ခိုက်တာလို့ KIA ပြောခွင့်ရသူ ဒု-ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

လက်ရှိအချိန်အထိ အစိုးရတပ်မတော်ဖက်က ပြန်လည်ဆုတ်ခွာသွားတာ မရှိသေးပေမယ့် ဒီကနေ့ မနက်ပိုင်းအထိတော့ ပစ်ခတ်တာတွေမရှိဘဲ ငြိမ်နေတယ်လို့လည်း ဒု-ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

"ဒီနေ့ မနက်အထိတော့ ပြန်ငြိမ်တယ်လို့ ကြားရပါတယ်၊ ခုလောလောဆယ်တော့ တင်းမာနေတုန်းဖြစ်ပါ တယ်၊ တပ်မတော်ဖက်ကလည်း ပြန်ဆုတ်သွားတာမရှိသေးဘူးလို့ ပြောတယ်၊ ဒီ မူဆယ်မြို့ကနေ အရှေ့ဖက် သွားကျတယ်၊ KIA တပ်ရင်း ၃၆ ဌာနချုပ် မဟုတ်ဘူး။ ရှေ့တန်းတပ်ခွဲရုံးတွေပါ၊ ရွာတွေနဲ့ တော့ နဲနဲတော့ဝေးတာပေါ့၊ တပ်မတော်က ထုတ်ပြန်ကြေညာထားတာ ဧပြီလ ၃၀ ရက်နေ့ပေါ့၊ ထုတ် ပြန်ကြေညာချက် ထုတ်ထားတဲ့အတောအတွင်းမှာတော့ ခုလိုမျိုး စစ်ဆင်ရေးလုပ်တာကတော့ ကောင်း တဲ့လက္ခဏာတော့ မဟုတ်ဘူးပေါ့၊ ထုတ်ပြန်ကြေညာချက်ကုန်တဲ့အထိ EAO ရဲ့ တင်ပြလာတဲ့ဆွေးနွေး လာတဲ့အပေါ်မှာပဲ ဆုံးဖြတ်ပြီးမှပဲ လုပ်သင့်လုပ်ထိုက်တာတွေ ဆက်လုပ်ရင်တော့ အားလုံးကနားလည် သွားမှာပေါ့။ ခု ဒီလိုပုံစံနဲ့ဆို တပ်မတော်က ထိုးစစ်ဆင်ရင် တပ်မတော်က သူတို့ထုတ်ပြန်ကြေညာချက် ကိုမလိုက်နာတာ မလေးစားတာဖြစ်သွားတယ်လို့ ကျွန်တော်အဲလိုပဲ ပြောချင်ပါတယ်"

မြေပြင်တိုက်ပွဲသတင်း အသေးစိတ်အခြေအနေကို မသိရသေးတာကြောင်း ထိခိုက်ကျဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။

အဲဒီတိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှုးကြီး ဝင်းထွဋ်လေးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒါကြောင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီကို RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောပါတယ်။

"ကျွန်တော် အဲဒါတော့မသိသေးဘူးဗျ၊ လောလောဆယ် ကျွန်တော်တို့ဆီတော့ မသိရသေးဘူး၊ လားရှိုး တိုင်းဦးစီးဆီ မေးကြည့်လို့ရပါတယ်၊ ကျွန်တော်တို့ စိစစ်ပေးပါမယ် တိုင်းဦးစီးကလည်း အလုပ်တွေရှိ နေလို့ဖြစ်ပါလိမ့်မယ် မေးပေးပါမယ်"

မူဆယ်မြို့မှာနေထိုင်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်သူ ဦးစိုင်းဖိုးအောင် ကို RFA က ဆက်သွယ်မေးမြန်းကြည့်ရာ အခုလိုပြောပါတယ်။

"အခြေအနေတင်းမာနေတယ်ဆိုတာက မုန်းပေါ်ဖက်မှာ ပြီးခဲ့တဲ့ ၂ ရက်လောက်ကတည်းကပါ၊ ကြူ ကုတ်(ပန်ဆိုင်း)နဲ့ ၁၀ မိုင်ကျော်ကျော်လောက်တော့ရှိမှာ၊ အဲဒီမုန်းပေါ်ဖက်မှာတော့ KIA လှုပ်ရှားနယ် မြေတော့ရှိနေတာပေါ့၊ ဒါပေမဲ့ တပ်က တက်သွားတယ်လို့တော့ကြားတယ် တိုက်ပွဲတော့မကြားမိဘူးဗျ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အဆင်ပြေရင် ဒီဟာတွေက ဒီထက်ကာလရှည်ကြာအပစ်ရပ်တာ ဖြစ်လာနိုင်တယ်လို့တော့ ထင်ပါတယ်"

အဲဒီတိုက်ပွဲသတင်းကို RFA က သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကချင်နဲ့ ရှမ်းပြည်နယ်ထဲက စစ်တိုင်းကြီး ၅ ခုတို့မှာ ဧပြီလကုန်ပိုင်းအထိ စစ်ဆင်ရေးလှုပ်ရှားမှုတွေ ၄ လတာ ရပ်ဆိုင်းထားမယ်လို့ ကြေညာခဲ့ပါတယ်။

တပ်မတော်က ၄ လအကြာ အပစ်ရပ်ဆိုင်းထားတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေဆီ ပြည်တွင်းပြည်ပအလှူရှင်တွေ သွားရောက်လှူဒါန်းနိုင်ခဲ့သလို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလည်း ကျင်းပနိုင်ခဲ့တဲ့ အကျိုးရှိခဲ့တာကြောင့် အပစ်ရပ်ကာလကို နောက်ထပ်သက်တမ်း ထပ်တိုးပေးဖို့ဆိုပြီး ကချင်အမျိုးသားအစည်းအရုံးက ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ဒီတောင်းဆိုချက်နဲ့ပတ်သက်လို့ ကချင်အမျိုးသားအစည်းအရုံးရဲ့ တွဲဖက်အတွင်းရေးမှူး ဦးနော်လတ်ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

ဒီဧပြီလကုန်ပိုင်းလောက်မှာ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ KIA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ ဖြစ်ကြတဲ့ AA ၊ TNLA ၊ MNDAA တို့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်ခင်ဗျာ။