ကချင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်

0:00 / 0:00

ကချင်ပြည်နယ် မိုးညှင်းခရိုင် KIA တပ်ရင်း ၅ လက်အောက်ခံ ခေါင်မြေတပ်စခန်းအနီးမှာ အစိုးရတပ် မတော်နဲ့ KIA တို့ ဒီမနက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်ဘက်က ထိုးစစ်ရပ်ထားတဲ့ ကိုးလကြာ ကုန်ဆုံးခဲ့ပြီးနောက် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကစပြီး ကချင်ပြည်နယ်ထဲမှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီး KIA အသိုင်းဝိုင်းက အတည်ပြုပြောဆိုထားပေမယ့် KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီး အောက်ခြေက သတင်းတွေ တက်မလာသေးဘူးလို့ RFA ကို ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ပြီးခဲ့တဲ့ ၁၄ ရက်နေ့က KIA တပ်ဖွဲ့ဝင် ငါးဦးခန့်ဟာ မိုးညှင်းမြို့နယ်ဘက်မှာ တပ်မတော်စစ်ကြောင်းကို လက်နက်ငယ်နဲ့ ပစ်ခတ်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကိစ္စတစ်ခုသာရှိပြီး ကျန်တဲ့ရက်တွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိကြောင်း ပြောပါတယ်။

ဒီလိုတိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာတာကြောင့် အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းအဖွဲ့တို့ ပြန်လည် တွေ့ဆုံမယ့်ဆွေးနွေးပွဲကို ထိခိုက်လာနိုင်သလို တိုက်ပွဲတွေ ဒီထက်ပိုကြီးမားလာမယ်ဆိုရင် နှစ်ဘက်ရှေ့ဆက်သွားဖို့အတွက် ယုံကြည်မှုတည်ဆောက်တဲ့အပိုင်းမှာ ခက်ခဲလာနိုင်တယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

အစိုးရတပ်မတော်ဘက်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်ကစပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ထိုးစစ်ရပ်ထားတာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၁) ရက်နေ့မှာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

(RFA သတင်းထောက် အဲလိဇဘက်ဂျန်မာ ပေးပို့သည်။)