မဘိမ်းမြို့ကို KIA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဘိမ်းမြို့ကို ဇန်နဝါရီလ ၂၁ ရက် ဒီနေ့မနက်ပိုင်းမှာ သိမ်းယူလိုက်ပြီလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။

မဘိမ်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ဇန်နဝါရီလ ၂၀ ရက်၊ မနက် ၅ နာရီဝန်းကျင်မှာ KIA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့မနက်မှာ သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“မဘိမ်းဘက်မှာလည်း သိမ်းလိုက်ပြီ။ အဲဒါလည်း ဒီမနက်ဖြစ်ပါတယ်။ အဲမှာက ကျွန်တော်တို့ AA တို့၊ PDF တို့၊ ကျောင်းသားတပ်ဦးတို့၊ ကျွန်တော်တို့ KIA တို့ အားလုံးတပ်ပေါင်းစုတွေပေါ့။ လက်နက်ကိုင်တဲ့ တပ်ပေါင်းစုတွေ အားလုံးဝိုင်းပြီးမှ တိုက်တာ”

မဘိမ်းမြို့မှာ ကုန်းခါးရပ်ကွက်က မြို့မရဲစခန်းနဲ့ ကုန်းမခံရွာနားမှာအခြေစိုက်ထားတဲ့ ခြေလျင်တပ်ရင်း ခလရ ၂၂၃ တို့ရှိပါတယ်။

အဲဒီစခန်းတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာတွေရှိပြီး နေအိမ်ထိခိုက်ပျက်စီးမှုတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က မနေ့က မွန်းလွဲပိုင်းမှာ Y-12 လေယာဉ်တွေနဲ့ မဘိမ်းမြို့က ဝိုင်းလုံ၊ ကုန်းမခံနဲ့ နတ်ပုံးပုံး ရွာတွေထဲ ဗုံးသီးခြောက်ဆယ်ကျော် ကြဲချခဲ့သလို ညနေ ၈ နာရီဝန်းကျင်မှာလည်း ဗုံးသီးရှစ်ဆယ်ကျော် ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဘိမ်းမြို့တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ဦးခွန်သိန်းမောင်ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ပြန်ဖြေဆိုခြင်း မရှိပါဘူး။

တိုက်ပွဲတွေကြောင့် မဘိမ်းမြို့ပေါ်နဲ့ အနီးအနား ရွာတွေက အရပ်သား လေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက် မနေ့မနက်ပိုင်းကစလို့ မိုးမိတ်မြို့ရှိ ရဲစခန်းနဲ့ စစ်ကောင်စီ တပ်စခန်းတွေကို KIA၊ PDF ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် မိုးမိတ်မြို့နဲ့ ထိစပ်နေတဲ့ မဘိမ်းမြို့ကိုပါ တိုက်ပွဲကူးစက်ဖြစ်ပွားလာတာပါ။

မဘိမ်းမြို့ အပါအဝင် အာဏာသိမ်းပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ PDF တွေ သိမ်းယူထားတဲ့ မြို့ပေါင်း ၃၂ မြို့ ရှိလာပါပြီ။